(စ)-ကျောက်ကြီးမြို့နယ်၊ သောင်လယ်ကျေးရွာ အုပ်စု၊ ဒိုးတန်းကျေးရွာနှင်‌့ နွယ်တန်းကျေးရွာ ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးရန် ၂၀၁၉ မိုးရာသီမတိုင်မီ ကမ်းထိန်းတန်း နှင့် ရေလွှဲကဒစ်တန်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၂၂.၂.၂၀၁၉)

 

၂၀၁၈ ခုနှစ် မိုးရာသီအတွင်း စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပါကြောင်း၊ စစ်တောင်းမြစ်ရေ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ကမ်းပြိုကျမှုများ မြစ်တစ်လျှောက် နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုဖြစ်စဉ်များထဲမှ ကျောက်ကြီးမြို့နယ် ဒိုးတန်းရွာနှင်‌့ နွယ်တန်းရွာတို့ကို ဦးတိုက်ဖြတ်လျက် ပြိုကျမည့်အခြေအနေများ ဖြစ်ပေါ်နေပါသဖြင့် ကျေးရွာသူ/သားများ အလွန်စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒိုးတန်းကျေးရွာ၏ အရှေ့ ဘက်တွင် အင်းတစ်ခုရှိပြီး အကယ်၍သာ ၂၀၁၉ ခုနှစ် မိုးရာသီတွင် ရေကြီးရေလျှံမှုထပ်ဖြစ် မည်ဆိုပါက ကမ်းပြိုပြီး အရှေ့ဘက်အင်းထဲသို့ ရေများစီးဝင်ရောက်သဖြင့် ဒိုးတန်းရွာ၊ သာစည်ရွာ၊ အင်ကြင်းကုန်း ကျေးရွာများကို ရေမြုပ်နိုင်ဖွယ်ဖြစ်ပါကြောင်း၊ ၎င်းအခြေအနေကို သိရှိစေရန်အတွက် ဆည်မြောင်းဦးစီးဌာန အင်ဂျင်နီယာနှင့်အတူ ကွင်းဆင်းတိုင်းတာ တွက်ချက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကျောက်ကြီးမြို့နယ် သောင်လယ်ကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနှင့် နွယ်တန်းကျေးရွာ ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးပါရန် ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ် သောင်လယ်ကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနှင်‌့ နွယ်တန်းကျေးရွာ ကမ်းပြိုမှုအခြေအနေကို ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင်‌့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ-၃ ပဲခူးတိုင်းဒေသကြီးရုံးမှ ၁၈-၁-၂၀၁၉ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ ပါကြောင်း၊ အဆိုပါ ကွင်းဆင်းစစ်ဆေးချက်များအရ ဒိုးတန်းကျေးရွာ စစ်တောင်းမြစ်၏ မြစ်ကွေး၏ အပြင်ဘက်ခြမ်းတွင် တည်ရှိနေပြီး ရေနက်ကြောင်းသည် ကမ်းရင်းမှ စီးဆင်းနေမှုနှင့် တစ်ဘက်ကမ်းတွင် သဲသောင်ဖြစ်ထွန်းမှုတို့ကြောင့် ဒိုးတန်းကျေးရွာဘက်ကမ်းတွင် အလျား ၁၁၀၀ မီတာခန့် ကမ်းပြိုလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဒိုးတန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး အစီအမံများအနေဖြင့် သဲစုပ်သောင်တူးလုပ်ငန်း အလျား ၄၈၅ မီတာနှင်‌့ တူးလိုင်းအထောက်အကူပြု နှစ်တန်းသွား မျောကျောက်ဖြည့် ရေလွှဲရေကာ ၇၅ မီတာတို့ကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းစရိတ်မှာ ကျပ် ၄၅ သန်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

နွယ်တန်းကျေးရွာသည် စစ်တောင်းမြစ်၏ မြစ်ကွေးအပြင်ဘက်ခြမ်းတွင် တည်ရှိနေပြီး ရေနက်ကြောင်းသည် ကမ်းရင်းမှစီးဆင်းလျက်ရှိပြီး တစ်ဘက်ကမ်းတွင် သဲသောင်ဖြစ်ထွန်းမှုကြောင့် နွယ်တန်ကျေးရွာဘက် ကမ်းအလျားမီတာ ၈၀၀ ခန့် ကမ်းပြိုမှုဖြစ်ပေါ်နေ ကြောင်းတွေ့ရှိရပါသည်။ နွယ်တန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး အစီအမံများအနေဖြင့် နှစ်တန်းသွားမျောတိုင်တန်း ကျောက်ဖြည့် အခြေထိန်းရေကာ ၇၂၅ မီတာနှင်‌့ နှစ်တန်းသွားမျောတိုင် တန်းရေလွှဲရေကာ မီတာ ၅၀ x (၁၀) ခုတိုကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်း ၅၃၀ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဖော်ပြပါ ကမ်းပြိုကာကွယ်ရေးအစီအမံများအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိပါသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေတွင် တင်ပြတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။