ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၃၆၃) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အမှန်ကွင်းဆင်းကောက်ယူထား သည့် သီးနှံထိခိုက်မှု ပျက်စီးစာရင်းများအတိုင်း မည်သည့်အချိန်တွင် မည်သည့် နှုန်းထားဖြင့် ပံ့ပိုးထောက်ပံ့မှုများ ပေးသွားမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မိုးများ၍ ရေကြီးနစ်မြုပ်ကာ ပျက်စီးသွားသော သီးနှံ (၁၉၇၀၃) ဧက အတွက် သီးနှံပျက်စီးခဲ့သည့် တောင်သူများအား ဆောလျင်စွာ ထောက်ပံ့ပေးနိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ ခူး (သက္ကပြင်)ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ တောင်ကုန်းများ နှင့်ဒီရေတောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထားလုပ်ကိုင် သည့် ပုစွန်မွေးမြူရေးစီမံကိန်းကို ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြု လုပ်ကိုင်ခဲ့ခြင်း ရှိ၊ မရှိနှင့် EIA, SIA တိုင်းတာတွက်ချက်ခဲ့မှု ရှိ၊ မရှိ၊ မရှိလျှင် မည်သို့အရေးယူမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က TMP ကုမ္ပဏီမှ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားမှုကို ဥပဒေနှင့်အညီဖြစ်စေရန် ပြည်နယ်တွင် စိစစ် ဆောင်ရွက်ဆဲဖြစ်ပြီး ခွင့်ပြုပေးနိုင်မှသာ လုပ်ထုံးလုပ်နည်းနှင့် လိုအပ်သော EIA, SIA နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ စိစစ်သွားရန်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုမိန့်မရရှိမီ အသုံးပြုထားမှုအပေါ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာ ကုမ္ပဏီကို တားမြစ်ထားမှုရှိပြီး ခွင့်ပြုချက်မရမီ ကြိုတင်တင်ကူး ဆောင်ရွက်ထားမှုများကို ယခုပြင်ဆင်ပြီးဖြစ်သည့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အရေးယူဆောင်ရွက် သွားရန်ရှိမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နယ်ရှိ မုန်းတမံတွင် နှစ်စဉ်အနည်အနှစ်များ ပို့ချမှုကြောင့် တဖြည်းဖြည်းကောလာကာ ရေဝပ်ဧရိယာ နည်းပါးလာပါသဖြင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လက်ရှိအခြေအနေအရ သဲနုန်းပို့ချမှုအတော် အသင့်ရှိသော်လည်း မူလဒီဇိုင်းပြု သတ်မှတ်ထားသော ကန်ရေသေမှတ်အောက် မှာသာ ရှိသည့်အတွက် ရေထုတ်ပြွန်ပေါက်မှ ရေထုတ်လွှတ်ပေးဝေမှုကို ထိခိုက်မှု မရှိသေးသည့်အပြင် မိုးစပါး၊ နွေစပါး စိုက်ပျိုးရေနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက်လည်း ထိခိုက်ခြင်းမရှိသေးပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဖြေကြားချက်နှင့်ပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဒေါ်နီနီဒွန်း၊ ပေါက်ခေါင်းမဲဆန္ဒနယ်က မေးမြန်းသော ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံကြီး၏ ငလျင်ဒဏ်ကြောင့် တမံထိပ်ပြင်မြေသားနိမ့်ကျမှု နှင့်အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုကို မိုးရာသီကာလမတိုင်မီနှင့် မိုးရာသီကာလ တွင် မြို့နယ်သူ၊ မြို့နယ်သားများ လုံခြုံမှုရှိစေရန် မည်ကဲ့သို့စီမံထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဂျပန်နိုင်ငံ၊ ဆည်မြောင်းပညာရပ်အဆင့်မြင့် နည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Technical Institute of Rural Development Committee ၏ စူးစမ်းလေ့လာမှု စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ထပ်မံစူးစမ်းလေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုဖြစ်ရပ်အပေါ် ဒေသ နေပြည်သူများ၏ စိုးရိမ်ပူပန်မှုများ လျော့ပါးသွားစေမှုမှသည် ပူပင်သောကများ ကွယ်ပျောက်သွားပြီး မိမိတို့၏ဘဝ၊ အသက်အိုးအိမ်စည်းစိမ်များ၊ စိတ်ချလုံခြုံစေမည့် အခြေအနေများ ဖန်တီးဖြစ်ပေါ်လာနိုင်စေမည့် အနေအထားအထိ အထူးအလေးထား စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ (အဆိုပါ မေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်)
(၅) ဒေါ်ခင်သန်းနု၊ မင်းတုန်းမဲဆန္ဒနယ်က မေးမြန်းသော မင်းတုန်းမြို့နယ်အတွင်းရှိ တိမ်ကောနေသော မင်းတုန်းချောင်းတစ်လျှောက် ရေလမ်းကြောင်းဖြောင့်ဖြူးရေး အတွက် တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လတ်တလောအနေဖြင့် မင်းတုန်းချောင်းအတွင်း သောင်တူးဖော်ရန် အစီအစဉ်မရှိပါကြောင်းနှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်လာသည့် ရေလမ်းအခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် တည်ဆောက်ပြီး ရေကာများကို စွမ်းအားမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးမြင့်ငွေ၊ ကျောက်ကြီးမဲဆန္ဒနယ်က မေးမြန်းသော စစ်တောင်းမြစ်ရေတိုက်စားမှု ကြောင့် ကျောက်ကြီးမြို့နယ်၊ သောင်လယ်ကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနှင့် နွယ်တန်းကျေးရွာ ကမ်းပါးပြိုကျမှုများအား အကာအကွယ်ပေးရန် ၂၀၁၉ မိုးရာသီ မတိုင်မီ ကမ်းထိန်းတန်းနှင့် ရေလွှဲကဒစ်တန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ကမ်းပြိုကာကွယ်ရေးအစီအမံများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်းမရှိပါ သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံ ရန်ပုံငွေတွင် တင်ပြတောင်းခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့ရေပြင်ပိုင်နက်အတွင်း အန္တရာယ်ကြုံတွေ့လာသူများအတွက် လုံခြုံရေး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အမျိုးသားအဆင့် ပင်လယ်ပြင်ရှာဖွေကယ်ဆယ် ရေးစီမံချက်ကို အတည်ပြုပြီးသည့်အချိန်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားရှိသည့် ဌာနများနှင့်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်က ရာသီဥတုဖောက်ပြန်သောဒဏ်ဖြေရှင်းနိုင်ရန် အရန် သီးနှံမျိုး၊ အရန်စပါး၊ အရန်ဆန်၊ အရန်ရိက္ခာ သိုလှောင်ထားရှိရန် ပြည်သူ့လွှတ်တော်မှ အစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးပြီး စက်ခလုတ်အသုံးပြု မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုအား ကန့်ကွက်သူများသဖြင့် လွှတ်တော်က မှတ်တမ်းတင်ကြောင်းဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၅-၂-၂၀၁၉ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
