(င)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ရွာ အခြေခံပညာ အထက်တန်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၀.၂.၂၀၁၉)

 

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ရွာ အခြေခံပညာအထက်တန်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ်ဖွင့်လှစ်လိုသောကြောင့် သတ်မှတ်ထားသည့်အချက်အလက် များနှင့်ကိုက်ညီမှုရှိအောင်ဆောင်ရွက်ပြီး ၇-၉-၂၀၁၇ ရက်နေ့တွင် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးသို့ လုပ်ထုံးလုပ်နည်းအတိုင်းအဆင့်ဆင့်တင်ပြရာတွင် အကြောင်းပြချက်မရှိဘဲ နောင်နှစ်တွင်သာ ထပ်မံလျှောက်ထားရန်ညွှန်ကြားခဲ့သဖြင့် ၎င်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ဝါးဖြူတောင်ရွာအခြေခံ ပညာအထက်တန်းကျောင်းသည် သပိတ်ကျင်းမြို့၏ စာစစ်ဌာနနှင့် အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည့်အတွက် နှစ်စဉ်မတ်လတွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲကို ၁၀ မိုင်ခန့် ကွာဝေးသော သပိတ်ကျင်းစာစစ်ဌာနသို့ သွားရောက် ဖြေဆိုရာတွင် တည်းခိုရာနေရာ အခက်အခဲဖြစ်ခြင်း၊ နေထိုင်စားသောက်ရေး အဆင်မပြေခြင်း၊ ယာဉ်ငှားရမ်းခ ဈေးကြီးခြင်း၊ သာမန်မိဘများအတွက် ငွေကြေးအခက်အခဲရှိခြင်း၊ စရိတ်စက များပြားခြင်းများနှင့် ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ဝါးဖြူတောင်ရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ ၉၃၆ ဦးရှိသည့်အနက် ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသည့်ဦးရေ ၁၂၈ ဦးနှင့် ပြင်ပဖြေဆိုသူ ၁၀၀ ဦး စုစုပေါင်း ၂၂၈ ဦး ခန့်‌ဖြေဆိုခဲ့ပါကြောင်း၊ ဝါးဖြူတောင်ရွာအနီးတွင် ရဲကင်းအမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ ကျေးလက်ကျန်းမာရေး ဆေးခန်းနှင့် အမှတ် (၂၀) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) ရှိသည့်အတွက် လုံခြုံရေးနှင့်ကျန်းမာရေး အထောက်အကူပြုနိုင်ခြင်း၊ အဆိုပါကျောင်းသည် ဗဟိုစာစစ်ဌာနနှင့် ၁၀ မိုင် ခန့်ကွာဝေးခြင်း၊ ကျောင်းတွင်စာ‌ဖြေခန်း ၃၀ ဦးဆံ့ ၁၈ ခန်းနှင့် ထိုင်ခုံ၊ စားပွဲ အလုံအလောက်ရှိခြင်းနှင့် ဆရာ/မ အလုံအလောက်ရှိခြင်းတို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရန် ပညာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်လည်း ကိုက်ညီလျက် ရှိပါကြောင်း၊

ယခင်ကလည်း စာစစ်ဌာနအဖြစ် အဋ္ဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲများကို ၂၀၁၅ ခုနှစ်မှစပြီး အသုံးပြုခဲ့ပြီး မေးခွန်းနှင့်အဖြေလွှာများကို လုံလောက်သောလုံခြုံရေး အစောင့်အရှောက်များဖြင့် သွားရောက် ထုတ်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့သော အချက်အလက်များနှင့် ပြည့်စုံနေသည့်အတွက် အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် လိုအပ်သော ထောက်ခံချက်များအား အစီရင်ခံစာပြုစုပြီး မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးတို့မှတစ်ဆင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ တင်ပြခဲ့ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကွင်းဆင်းလာရောက် စစ်ဆေးခဲ့သော်လည်း စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်တင်ပြ တောင်းခံထားသော အမှုတွဲအား မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်လက်တင်ပြခြင်း မရှိသည့်အတွက် ကျောင်း၏မိဘဆရာ အလုပ်အမှုဆောင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့မှ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (ပညာ) နှင့် ၂၅-၁၀-၂၀၁၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ထပ်မံတွေ့ဆုံရာတွင် တင်ပြထားသောအမှုတွဲနှင့် ပတ်သက်ပြီး မည်သို့မှ လမ်းညွှန်ခြင်းမပြုဘဲ လာမည်‌့ပညာသင်နှစ်တွင်သာ ထပ်မံလျှောက်ထားရန် ပြောဆိုခဲ့ပါကြောင်း၊

ထို့ကြောင့် စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့် ပြုနိုင်ရေးအတွက် ၂-၈-၂၀၁၈ ရက်နေ့တွင် မြို့နယ်ပညာ ရေးမှူးရုံးသို့ ထပ်မံတင်ပြခဲ့ရာ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့တွင် အဆင့်ဆင့်ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုသင့်ကြောင်း ထောက်ခံခဲ့ပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှလည်း အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို စာစစ်ဌာနအသစ် ဖွင့်လှစ်နိုင်ရေး ခွင့်ပြုထောက်ခံထားခဲ့ပါသော်လည်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် ညွှန်ကြားရေးမှူးချုပ် အခြေခံပညာဦးစီးဌာန (နေပြည်တော်) သို့ ဆက်လက်တင်ပြ ထားခြင်းရှိ/မရှိအား မသိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန အသစ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ အခက်အခဲများအားရှေးရှု၍ အခြေခံပညာ အထက်တန်းကျောင်း (ဝါးဖြူတောင်) ၏ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်နိုင်ရေးအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကလည်း မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါကလည်း မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို ပြန်လည်ဖြေကြား ပေးပါရန် မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၇-၁၈ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်ပြုရန် အမှုတွဲတင်ပြစဉ် အဆိုပါကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/သူ ၁၀၅ ဦး ရှိသည့်အပြင် ဝါးဖြူတောင်ကျေးရွာတွင် ရဲစခန်းမရှိခြင်း၊ မေးခွန်းနှင့် အဖြေလွှာများ နေ့စဉ်သိမ်းဆည်း နိုင်ရန် လုံခြုံစိတ်ချရသော Bolt မရှိခြင်းတို့ကြောင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် စာစစ်ဌာနအသစ်ဖွင့်လှစ်ရန် အင်္ဂါရပ်များနှင့် မညီညွတ်ကြောင်း တင်ပြခဲ့သည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊ ယခုကဲ့သို့စိစစ်မှုအရ ဝါးဖြူတောင် အခြေခံပညာအထက်တန်းကျောင်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့၊ မိဘဆရာအသင်း၊ အလုပ်အမှုဆောင် အဖွဲ့တို့က ဝါးဖြူတောင် ကျေးရွာမှ နှစ်မိုင်ခန့်အကွာတွင်ရှိသည့် အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်၏ လက်နက်တိုက်တွင် သိမ်းဆည်းခွင့်ပေးရန် အဆိုပါတပ်သို့ ညှိနှိုင်းခဲ့ရာ အဆိုပါတပ်မှလည်း ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကန့်ကွက်ရန်မရှိကြောင်း တပ်မှူး၏ ထောက်ခံတင်ပြချက်ကို ရရှိခဲ့ပါသည်။ သို့သော် ယခုကဲ့သို့ ထပ်မံညှိနှိုင်းပြီး တင်ပြချိန်တွင် စာစစ်ဌာနများ အသစ်ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်သည့် အချိန်ကျော်လွန် သွားသည့်အတွက် နောင်လာမည့် ပညာသင်နှစ်တွင် ထပ်မံလျှောက်ထားရန် ပြန်ကြားခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ်တွင် ဝါးဖြူတောင်အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူ ၁၂၃ ဦးရှိပြီး မေးခွန်းနှင့်အဖြေလွှာများ နေ့စဉ် သိမ်းဆည်းရန် သပိတ်ကျင်းမြို့နယ်၊ မြန်မာ့စီးပွာ‌းရေးဘဏ်တွင်ထားရှိရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လုံခြုံရေးအတွက် ရဲစခန်း၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဆင့်ဆင့်၏ ထောက်ခံချက်လည်းရရှိပြီ ဖြစ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကိုလည်း အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနတို့မှ စိစစ်ဆောင်ရွက်ပြီး ဖြစ်ပါသဖြင့် ယခုနှစ်အတွက် စာစစ်ဌာနအသစ် ဖွင့်လှစ်ဆောင်ရွက်ပြီးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဒုတိယဗိုလ်မှူးကြီးသောင်းစိန် (တပ်မတော်သားကိုယ်စားလှယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုကဲ့သို့ဝန်ကြီးဌာနအနေဖြင့် စာစစ်ဌာနသစ်ဖွင့်လှစ်ပေးခဲ့ပြီးကြောင်းကို ဖြေကြားခဲ့သည့်အတွက် ဝန်ကြီးကို ဒေသခံပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် မိမိအနေဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နိုဝင်ဘာလ ၂၁ ရက်နေ့ကစပြီး မေးခွန်းအဖြစ် တင်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးအနေဖြင့် ခွင့်ပြုပေးပြီးကြောင်း ဖြေကြားခဲ့သော်လည်း မနေ့ကအထိ စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်ပြုသည့် အမိန့်စာတရားဝင် မရရှိသေးသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးကိုဆက်စပ် မေးခွန်းမေးချင်သည်မှာ ဝါးဖြူတောင်ရွာ အ.ထ.ကကျောင်း၏ စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်စာသည် မည်သည့်ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့သည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိထံတွင် စာအသေးစိတ် ပါမလာသည့်အတွက် စိစစ်ပြီးကိုယ်စားလှယ်တော်ကြီးကို အကြောင်းပြန်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။