မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အလယ်တန်းကျောင်း (ခွဲ) တွင် ယခုစာသင်နှစ်တွင် ကျောင်းသား/သူ အားလုံး ၃၁၅ ဦး တက်ရောက်ပညာ သင်ကြားလျက် ရှိပါကြောင်း၊ စာသင်ခန်းများ လိုအပ်ချက်အရ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ပင်မအဆောင်ကစာ သင်ခန်းတစ်ခန်းကို တိုးချဲ့ပြီး သင်ကြားခဲ့ရပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ တိုးတက်လာသည့်အတွက် ယာယီဆောင် တစ်ဆောင်ထပ်မံဆောက် လုပ်ခဲ့ရပါကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းသော ကျေးရွာ ဖြစ်သည့်အတွက် စာသင်၍ဖြစ်ရုံ ကိုယ်ထူကိုယ်ထယာယီဆောင် ဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊
မိုးကောင်းဆိုသည့်အတိုင်း မိုးတွင်းကာလတွင် မိုးအလွန်များပြားသည့်အတွက် ကျောင်းသား/သူများ၊ ဆရာ/မများ ကျောင်းဝင်းထဲတွင်ရေကူးပြီးသွားလာနေရပါကြောင်း၊ ၎င်းကြာအင်း အလယ်တန်း ကျောင်း (ခွဲ) ကို ကြာအင်း၊ လွဲလော၊ လွဲစွန်း၊ မန်ပင်စသည့် ရွာလေးရွာက အလယ်တန်းအဆင့်သင် ကျောင်းသား/သူများ အားကိုးအားထားပြု ပညာသင်ကြားနေရပါကြောင်း၊ ကျေးရွာများ၏ ဖွံ့ဖြိုးမှု အခြေအနေအရ အကြီးမားဆုံးလိုအပ်ချက်ဖြစ်သော အဆိုပါစာသင်ဆောင် တစ်ဆောင်ကို အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာ ကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်းလေးခုကို ထည့်သွင်းလျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ တင်ပြပါ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကြာအင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် အဆောင် (၁) ပေ ၉၀၊ ပေ ၃၀ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်၊ အဆောင် (၂) ပေ ၆၀၊ ၂၄ ပေ သွပ်မိုး၊ ပျဉ်ကာ၊ သမံတလင်းခင်း တစ်ထပ်ဆောင် တစ်ဆောင်၊ အဆောင် (၃) ၃၀ ပေ၊ ၂၄ ပေ သက်ကယ်မိုး၊ ပျဉ်ခင်း၊ ထရံကာတစ်ထပ်ဆောင် တစ်ဆောင်၊ အဆောင် (၄) ၃၀ ပေ၊ ၃၀ ပေ သွပ်မိုး၊ အုတ်ကာ၊ သမံတလင်းခင်း တစ်ထပ်ဆောင် တစ်ဆောင်စုစုပေါင်း ကျောင်းဆောင် ၄ ဆောင်ရှိပြီး ကျောင်းသား/သူအင်အားအနေဖြင့် မူဆင့်သင်ကျောင်းသား ၁၀၅ ဦး၊ အလယ်တန်း အဆင့်သင်ကျောင်းသား/သူ ၂၁၄ ဦး စုစုပေါင်း ၃၁၉ ဦး ပညာသင်ကြားလျက် ရှိပါကြောင်း၊
သို့သော် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့လည်းကောင်း၊ ဒေသခံပြည်သူလူထု ဆန္ဒအရလည်းကောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားမှုအခွင့်အလမ်း ပိုမိုတိုးတက်စေရန် လည်းကောင်း တင်ပြပါမိုးကောင်းမြို့နယ် ကြာအင်းကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း (ခွဲ) တွင် ပေ ၁၂၀၊ ပေ ၃၀ RCC တစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခေါင်းစဉ်အောက်တွင် လျာထားတင်ပြမည် ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
