မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စု အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တောင်ဘီလူတွင် မူလတန်းကျောင်းကို ၁၉၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် နိုင်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် မူလတန်းကျောင်းသားပေါင်း ၃၂၉ ဦး၊ အလယ်တန်းကျောင်းသား ၅၅၀ ဦး၊ အထက်တန်းကျောင်းသား ၂၀၆ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၀၈၅ ဦးရှိပြီး နှစ်စဉ်ကျောင်းသားဦးရေ တိုးတက်များပြားလျက်ရှိပါကြောင်း၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တောင်ဘီလူတွင် စာသင်ခန်း ၂၄ ခန်း၊ စာသင်ဆောင် နှစ်ထပ်ကျောင်းဆောင် နှစ်ဆောင်၊ တစ်ထပ်ကျောင်းဆောင် ခြောက်ဆောင် စုစုပေါင်း ၈ ဆောင် ပါရှိပါကြောင်း၊ ကျောင်းဆောင်များ၊ ကျောင်းသုံးပရိဘောဂများ၊ စာသင်ခုံများ၊ အားကစားကွင်း၊ ရေလောင်းအိမ်သာများကအစ ပြည့်စုံလုံလောက်မှုရှိပြီး ကျေးရွာရပ်မိရပ်ဖများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်များမှ အထူးအားပေးလျက် ရှိပါကြောင်း၊
အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် ကျောင်းဆောင်အခြေအနေ များကို တင်ပြလိုပါကြောင်း၊ မဟာသီဟသူရဆောင်၊ တိမ်ကြားမင်းခေါင်အဆောင်၊ နေမျိုးစည်သူ ဆောင်၊ ဗလမင်းထင်ခေါင်၊ မြဝတီဆောင်၊ အဆောင်သစ်တစ်ဆောင်၊ ယာယီဆောင်တစ်ဆောင်၊ ယာယီဆောင်-၁၊ ယာယီဆောင်-၂၊ လက်ရှိ တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် မြေပိုင်ဆိုင်မှုပုံစံ နှစ် ၃၀ ဂရန်အရ ၇.၁၃ ဧက အကျယ်အဝန်းရှိပြီး တံတားဦးမြို့၏ မြောက်ဘက်အရပ်တွင်တည်ရှိပြီး တံတားဦးမြို့အခြေခံပညာအထက်တန်းကျောင်း၏ လက်အောက်ခံ ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ ဟံသာဝတီကျေးရွာတွင် အိမ်ခြေ ၇၆၁ အိမ်၊ လူဦးရေ ၃၈၂၅ ဦးရှိပြီး ဟံသာဝတီကျေးရွာအုပ်စု တောင်ဘီလူ၏ပတ်လည်တွင် မူလတန်းကျောင်း ၁၀ ကျောင်းရှိပြီး တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်းနှင့် အဝေးဆုံး ၂ မိုင်ခန့်သာရှိသဖြင့် နေ့ချင်းပြန် ကျောင်းတက်နိုင်သောအခြေအနေ ရှိပါကြောင်း၊ သို့ပါသောကြောင့် တံတားဦးမြို့နယ် တောင်ဘီလူ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် အထက်တန်းကျောင်းတစ်ကျောင်း၏အင်္ဂါရပ်အဖြစ် ပြည့်စုံညီညွတ်မှုရှိနေပါသဖြင့် အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင် ပါရန် အစီအစဉ်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း ၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ပေါင်း ၂ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်းပေါင်း ၅ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၁ ကျောင်း စုစုပေါင်းအခြေခံ ပညာကျောင်းပေါင်း ၁၅ ကျောင်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသော တောင်ဘီလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သည် ကျောင်းသား/ သူ ၂၀၆ ဦးခန့် အထက်တန်းအဆင့်သင်ပညာသင်ကြားနေသည့်အတွက် လာမည့်နှစ်တွင် ကျောင်း အဆင့်တိုးမြှင့်ရေး အမှုတွဲတင်ပြလျှောက်ထားစေပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။
