(ဃ)-ဥပဒေနှင်‌့အညီလွှတ်တော်အတွေ့အကြုံရှင်းလင်းခြင်းအား သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ကန့်သတ်ချက်များကို ထုတ်ပြန်ညွှန်ကြားခြင်းသည် ပြဋ္ဌာန်းထားသည်‌့ဥပဒေများကို မျက်ကွယ်ပြုရာရောက်သဖြင်‌့ မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၈.၂.၂၀၁၉)

 

လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်အရ ဥပဒေနှင်‌့အညီ ဆောင်ရွက်လျက်ရှိသည်‌့ လွှတ်တော် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအား သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က လွဲမှားသည်‌့ အယူအဆဖြင်‌့ ကန့်သတ်ချက်များကို ထုတ်ပြန်ညွှန်ကြားခြင်းသည် ပြဋ္ဌာန်းထားသည်‌့ဥပဒေများကို မျက်ကွယ်ပြုရာရောက်သဖြင်‌့ အလားတူမဖြစ်စေရေး မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်မည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

မိမိတို့လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ပုံမှန်အစည်းအဝေး တစ်ခုရပ်နားသည့် ကာလတိုင်း လွှတ်တော်အတွေ့အကြုံများကို မိမိမဲဆန္ဒနယ်မြေရှိ ပြည်သူများကို ချပြရှင်းလင်းလျက် ရှိပါကြောင်း၊  ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေအခန်း(၄) လွှတ်တော်ကိုယ်စားလှယ်များ ပုဒ်မ ၉ လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန်များ စာပိုဒ် (စ) တွင် မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့ အကြုံပြန်လည်ရှင်းလင်းတင်ပြခြင်းဟု ပါရှိပါကြောင်း၊ ဥပဒေများနှင့်အညီဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ရှင်းလင်းပွဲအခမ်းအနားပြုလုပ်သည့်အခါတိုင်း လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၂ ရပိုင်ခွင်‌့နှင်‌့အခွင်‌့အရေး စာပိုဒ်ခွဲ(စ)တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် မိမိမဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်နှင်‌့တွေ့ဆုံရာတွင် နေရာထိုင်ခင်းနှင်‌့လိုအပ်ချက်များကို မိမိအစီအစဉ်ဖြင်‌့ ဆောင်ရွက်ရာ၌ လိုအပ်ပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင်‌့ဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များနှင်‌့ဖြစ်စေ ညှိနှိုင်း‌ဆောင်ရွက်ခြင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင်‌့ စပ်လျဉ်း၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း များထံမှဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များထံမှဖြစ်စေ တောင်းယူခွင်‌့ရှိခြင်းဟု ပြဋ္ဌာန်းထားသည့်အတွက် ၎င်းအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ပြီးခဲ့သည့်နဝမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးပြီးဆုံး၍ ပျော်ဘွယ်မဲဆန္ဒနယ်ပြည်သူများကို လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ပြုလုပ်ရန် အစီအစဉ်ဆောင်ရွက်သည့်အခါ မန္တလေးတိုင်းဒေသကြီအစိုးရအဖွဲ့က လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား မည်သူ့ကိုလုပ်မည်နည်း၊ ပြည်သူကိုရှင်းမည်လား၊ မဲဆန္ဒရှင်ကို ရှင်းမည်လား၊ လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်ပါရန်၊ ၎င်းရှင်းလင်းပွဲ အသံဖိုင်၊ ဗီဒီယိုဖိုင်၊ အစီရင်ခံစာပြန်တင်ပြရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင်‌့ ပြည်သူကိုသာဖိတ်ပြီး ပါတီကိုမဖိတ်ကြားရန်၊ လွှတ်တော်ကိုယ်စားလှယ်များသည် အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ပိုင်ခွင်‌့မရှိ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင်‌့ စီစဉ်ရုံစီစဉ်ပေးရန်ဆိုပြီး‌ မှတ်ချက်ပြုညွှန်ကြားလာပါကြောင်း၊ ၎င်းညွှန်ကြားချက်ကြောင်‌့ မည်သူများက မည်သူ့ကိုရှင်းလင်းမည်နည်း၊ မည်သူများကို ဖိတ်ကြား မည်နည်း၊ အခမ်းအနားများကို မည်သူကစီစဉ်မည်နည်း၊ ပါတီကိုမဖိတ်ကြားရဆိုသည်မှာ မည်သည့် ပါတီကို ပြောသည်နည်း၊ မည်သူတက်ရောက်ရမည်နည်း၊ မတက်ရောက်ပါက မည်သည်ဖြစ်မည် နည်း၊ ဗီဒီယိုရိုက် အသံဖမ်းပါက မည်သည်များဖြစ်မည်နည်း၊ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းသည် ကိုယ်စားလှယ်က အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်းလားစသည့် မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များကိုယ်တိုင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကိုတွေ့ဆုံပြီး ပါတီနိုင်ငံရေးကိစ္စနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ခွဲခြားသိမြင်ရန် ရှင်းလင်းပြခဲ့ရပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး အခန်း (၁၃) ပုဒ်မ ၆၂ တွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင်‌့ မြို့မိမြို့ဖ၊ လူထုနှင့် အားလုံးညှိနှိုင်း ပေါင်းစပ်ပြီး ရှင်းလင်းပွဲတစ်ခုကို ကြိုးစားပြီး မိမိတို့လုပ်ဆောင်ခဲ့ရပါကြောင်း၊ ကိုယ်စားလှယ်များနှင့် အုပ်ချုပ်ရေးပါတီ၊ ပါတီများ၊ ပြည်သူများအကြား အထက်ပါမေးခွန်းများ၊ ထင်မြင်ယူဆချက် အမျိုးမျိုးဖြစ်လာမှုကို မှန်ကန်စွာသိမြင်ရန်အတွက် အဆိုပါရှင်းလင်းပွဲတွင် ဥပဒေ၊ ပုဒ်မများ၊ ညွှန်ကြားချက်များဖြင့် ရှင်းလင်း ပြခဲ့ရပါကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများနှင်‌့ နိုင်ငံသားတို့၏ မူလအခွင်‌့အရေးနှင်‌့ တာဝန်များ ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တရားဥပဒေနှင်‌့အညီမှအပ အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဖြစ်စေ၊ နစ်နာဆုံးရှုံးမှုမရှိစေရဟု ပြဋ္ဌာန်းထားသကဲ့သို့ ပုဒ်မ ၃၅၄ တွင်လည်း မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင်‌့ ပေးအပ်ထား ပါကြောင်း၊ ထို့ကြောင်‌့ မိမိတို့သည် နိုင်ငံသားများဖြစ်သည့်အပြင် လွှတ်တော်၏ ကိုယ်စားလှယ်များ အဖြစ် ရွေးချယ်ခံထားရသူများဖြစ်သည့်အတွက် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်အရ၊ ဥပဒေအရ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ လွတ်လပ်စွာဆောင်ရွက်ခွင်‌့ကို ယခုကဲ့သို့ တိုင်းဒေသကြီးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားချက်ထုတ်ပြန်ကန့်သတ်ခြင်းသည် ဥပဒေကို မျက်ကွယ်ပြုရာ ရောက်နေသည့်အတွက် ပြည်သူ့ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲအပါအဝင် မိမိတို့၏ လုပ်ငန်းတာဝန်များနှင့်ဥပဒေအရ ဆောင်ရွက်မှုများအပေါ် တိုင်း ဒေသကြီးအစိုးရအဖွဲ့က ဥပဒေများကို မျက်ကွယ်ပြုပြီး ကန့်သတ်ထိန်းချုပ်ခြင်းများ နောင်အလားတူ မဖြစ်ပေါ်စေရန်အတွက် မည်ကဲ့သို့ထိန်းကျောင်း ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ မေးခွန်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေအခန်း (၄) ပုဒ်မ ၉ ပုဒ်မခွဲ (စ) တွင် မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံများ ပြန်လည်ရှင်းလင်း တင်ပြခြင်းဟူ၍ လည်းကောင်း၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (စ) တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် မိမိမဲဆန္ဒနယ်မြေရှိ မဲဆန္ဒရှင်များနှင်‌့ တွေ့ဆုံရာတွင် နေရာထိုင်ခင်းနှင်‌့လိုအပ်ချက်များကို မိမိအစီအစဉ်ဖြင်‌့ ဆောင်ရွက်ရာ၌ လိုအပ်ပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင်‌့ဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ် များနှင့်ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ လုံခြုံရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များထံဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များထံဖြစ်စေ တောင်းခံရယူခွင်‌့ရှိခြင်းဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးနှင်‌့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲကို ပထမအကြိမ် ၃-၇-၂၀၁၈ ရက်နေ့တွင် အမေထိန်းခန်းမတွင် ကျင်းပခဲ့ပါကြောင်း၊ ထိုသို့ ပထမအကြိမ် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ ဆောင်ရွက်ရာတွင် ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် အခမ်းအနားပြင်ဆင်ပေးခြင်း၊ အခမ်း အနားမှူးများစီစဉ်ပေးခြင်း၊ Power Point စီစဉ်ပေးခြင်းနှင်‌့ သက်ဆိုင်ရာပုဂ္ဂိုလ်များ ဖိတ်ကြားခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မြို့နယ်အဆင်‌့၊ ဌာနဆိုင်ရာအကြီးအကဲ ၃၈ ဦး၊ နိုင်ငံရေး ပါတီသုံးခုက ၁၅ ဦး၊ မြို့မိမြို့ဖများ ၁၀ ဦး၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငါးဦး၊ ရပ်ကွက် ကိုးရပ်ကွက်၏ အုပ်ချုပ်ရေးမှူးများနှင်‌့ ပြည်သူလူထုများ ၄၅ ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် ကျေးရွာခွဲတာဝန်ခံများ ၃၁၇ ဦး စုစုပေါင်း ၄၃၀ ကို မိမိတို့ဖိတ်ကြားပေးပါကြောင်း၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့၏ ဒုတိယအကြိမ် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို ၇-၁၀-၂၀၁၈ ရက်နေ့တွင် အမေထိန်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားပြင်ဆင်ခြင်း၊ အခမ်းအနားမှူးများစီစဉ်ပေးခြင်း၊ Power Point စီစဉ်ပေးခြင်းနှင့် ဖော်ပြပါပုဂ္ဂိုလ်များ ဖိတ်ကြားခြင်းတို့ကို ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဖော်ပြပါအတိုင်း စုစုပေါင်း ၄၃၈ ဦး တက်ရောက် ခဲ့ပါကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် ရပ်ကွက်ကိုးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာ ၃၁၇ ရွာတည်ရှိပြီး လူဦးရေအနေဖြင်‌့ မြို့ပေါ်တွင် အိမ်ထောင်စု ၆၂၉၂ စု၊ လူဦးရေ ၃၁၂၂၆ ဦး၊ ကျေးရွာများတွင် အိမ်ထောင်စု ၅၃၂၀၇ စု၊ လူဦးရေ ၂၄၅၄၀၈ မှီတင်းနေထိုင်လျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပ‌ဒေပုဒ်မ ၁၂ ပုဒ်မခွဲ (စ) တွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံရာတွင် နေရာထိုင်ခင်းနှင့် လိုအပ်ချက်များကို မိမိအစီအစဉ်ဖြင့်ဆောင်ရွက်ရာ၌ လိုအပ်ပါက သက်ဆိုင်ရာအာဏာပိုင်၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအား ညှိနှိုင်းဆောင်ရွက် နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သောကြောင့် လိုအပ်မှသာစီစဉ်ပေးရမည်ဟု  မှတ်ယူရမည်ဖြစ်သည့်အတွက် ရှင်းလင်းပွဲနှင်‌့ ပတ်သက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရသည့် သဘောမသက်ရောက်စေရေး၊ နိုင်ငံ၏အချုပ်အခြာ အာဏာခက်မ ၃ ဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တက်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းဟူသော အခြေခံသဘောတရားများနှင်‌့ ညီညွတ်စေရေးတို့အတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ခရိုင်နှင့်မြို့နယ်အုပ်ချုပ် ရေးမှူးအနေဖြင့် စီစဉ်ပေးရန်ဟူ၍ မှတ်ချက်ပြု ညွှန်ကြားခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းထွန်းအနေဖြင့် အထက်ဖော်ပြပါအတိုင်း စီစဉ်ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ လိုအပ်သည်များကို ကူညီပေးရန် ဥပဒေနှင့်အညီကူညီ ဆောင်ရွက်ပေးရန်လည်း ညွှန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် အုပ်ချုပ်ရေးကိစ္စများ၊ မြေယာစီမံခန့်ခွဲရေးကိစ္စများ၊ ဥပမာ-လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုများကြောင့် စိစစ်ရေးကိစ္စများတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို တလေးတစားဖိတ်ကြားပြီး ဆောင်ရွက်ရန်လည်း နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုအရ ညွှန်ကြားထားရှိပါကြောင်း၊ ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဥပဒေနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

 

ဦးသောင်းအေး(ပျော်ဘွယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုဒုတိယဝန်ကြီး ရှင်းလင်းတင်ပြချက်က မိမိ၏မေးခွန်းနှင့် သက်ဆိုင်မှုမရှိသကဲ့သို့  ဖြစ်နေပါကြောင်း၊ မိမိမေးမြန်းထားသည်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအပေါ်တွင် ဥပဒေကိုမျက်ကွယ်ပြုပြီး ဆောင်ရွက်ချက်ကို ထိန်းကျောင်းပေးရန် မိမိတင်ပြခြင်း ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ဆောင်ချက်ကို မေးမြန်းခြင်း မဟုတ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရက ခရိုင်နှင်‌့မြို့နယ်ကို တရားဝင်ညွှန်ကြားထားသည့် ညွှန်ကြားချက်တွင် ရေးသားထားသည်ကို သေသေချာချာတစ်လုံးချင်း ဖတ်ကြည့်ပါက မည်သည့် သဘောရှိနေသည်၊ ၎င်းစာသည် မည်သည့်အဆင့်ရှိသည်ကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် တတ်သူတိုင်း သိမြင်နိုင်ပါကြောင်း၊ မိမိတို့လွှတ်တော်၏ လုပ်ပိုင်ခွင့်ပေးထားသော အမိန့်၊ တာဝန်၊ ညွှန်ကြားချက်များအပေါ်တွင် ယခုကဲ့သို့ကန့်သတ်ဆောင်ရွက်ချက်များကို ထိန်းချုပ်ပေးရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါအချက်ကို နားလည်အောင်၊ ရှင်းလင်းအောင် မိမိက ထပ်မံတင်ပြရပါက ၎င်းတိုင်းဒေသကြီးအစိုးရက လုပ်ဆောင်ချက်အပေါ်တွင် အဆိုပါစာသားအပေါ် ပြန်ကြည့်ပါက မည်သူများကိုရှင်းလင်းရမည်ကို မသိခြင်းလား၊ မသိချင်ယောင်ဆောင်သည်လား၊ ပြည်သူနှင့်မဲဆန္ဒရှင်ခွဲပြီး မည်ကဲ့သို့ဖိတ်ရမည်နည်း၊ မဖိတ်နှင့်ဟု တားမြစ်လိုက်သော ပါတီများက ပြည်သူများမဟုတ်ဘူးလား၊ အဘယ်ကြောင့်မဖိတ်ရန် တားမြစ်သနည်း၊ တားမြစ်ခွင့်ရှိသနည်း၊ အသံဖိုင်၊ ဗီဒီယိုဖိုင်ရိုက်ကူးခိုင်းခြင်းသည် နိုင်ငံသားတစ်ဦး၏လွတ်လပ်ခွင့်ကို ထိန်းချုပ်လိုခြင်း မဟုတ်ဘူးလား၊ လွတ်လပ်မှုကို နစ်နာဆုံးရှုံးအောင်လုပ်ခြင်း မဟုတ်ဘူးလား၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ပေးရေးဥပဒေက အသံဖမ်း၊ ဗီဒီယိုရိုက်ခြင်းက ဥပဒေကို ဆန့်ကျင်ခြင်း မဟုတ်ဘူးလား၊  ဥပဒေတွင်ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံသားတိုင်းသည် လွတ်လပ်မှုနှင့် လူပုဂ္ဂိုလ်လုံခြုံမှုကို အပြည့်အဝခံစားခွင့်ရှိပါကြောင်း၊ မိမိတို့၏ ပြောဆိုဆောင်ရွက်မှုများအပေါ် လုံခြုံမှုအနှောင့်အယှက်ပေးနိုင်သော အသံဖမ်းခြင်းများ၊ ဗီဒီယိုရိုက်ခြင်းများ တားမြစ်ထားပါကြောင်း၊ ၎င်းကို သုံးသပ်ကြည့်ပါက တိုင်းဒေသကြီးအစိုးရ၏လုပ်ဆောင်ချက်က ဥပဒေကိုမျက်ကွယ်ပြုရာ ရောက်သည့်အတွက် ပြည်ထောင်စုအစိုးရကဖြစ်စေ၊ ပြည်သူ့လွှတ်တော်ကဖြစ်စေ၊ ကိုယ်စားလှယ် များ၏ ဥပဒေနှင့်အညီ တာဝန်အရဆောင်ရွက်ခြင်းအပေါ် ယခုကဲ့သို့မလိုလားအပ်သည့် ထိန်းချုပ် ကန့်သတ်မှုများ မလုပ်ရန် အကြောင်းကြားပါသည်ဆိုသည့် စာတစ်စောင်ကို တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ပေးနိုင်ပြီး ထိန်းကျောင်းရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

သက်ဆိုင်ရာဝန်ကြီးချုပ်နှင်‌့ တိုင်းဒေသကြီး/ပြည်နယ်အဖွဲ့များကို ညွှန်ကြားနိုင်ရန် အစိုးရအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော နိုင်ငံတော်သမ္မတဖြစ်သည့်အတွက် ၎င်းကိစ္စအပေါ် မိမိအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များကို ညွှန်ကြားနိုင်ရန် ပြည်ထောင်စုဝန်ကြီးကတစ်ဆင်‌့တင်ပြသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။