ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် အုပ်ချုပ်ရေးမှူးနေရာများ လစ်လပ်သွား၍ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ရန်ခံရသူများမှာ လစဉ်ချီးမြှင့် ထောက်ပံ့ငွေများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအရ ရရှိခံစားခြင်းမရှိဘဲ နစ်နာရသည်ကို မည်သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်နှင့် စပ်လျဉ်းသည့် မေးခွန်း
ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဥပဒေအခန်း (၈) ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) အရ ဥပဒေပါ အကြောင်း တစ်ရပ်ရပ်ကြောင့် ရပ်/ကျေးအုပ်စုတွင် အုပ်ချုပ်ရေးမှူးနေရာ လစ်လပ်သွားလျှင် မြို့နယ်အုပ်ချုပ်ရေး မှူးအနေဖြင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဒုတိယမဲအများဆုံးရရှိသည့် ရာအိမ်မှူးကို ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ရမည် ဖြစ်ပါကြောင်း၊ အကယ်၍ အဆိုပါ ရာအိမ်မှူးက ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်နိုင်မှုမရှိလျှင် သင့်တော်သည့် ကျေးရွာအုပ်စု၊ သင့်တော်သည့် ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူးတစ်ဦးကို ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေး ခန့်အပ်ရမည် ဖြစ်ပါကြောင်း၊
ယခုလို လစ်လပ်သွားသော အုပ်ချုပ်ရေးမှူးနေရာများအတွက် ရက်ပေါင်း ၃၀ အတွင်း ဥပဒေနှင့်အညီ အစားထိုးခန့်အပ် တာဝန်ပေးရမည်ဟု ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၈) ပုဒ်မ ၁၆ ပုဒ်မခွဲ (က) နှင့် နည်းဥပဒေအခန်း (၅) ပုဒ်မ ၃၁ ပုဒ်မခွဲ (က) တို့တွင် ပြဋ္ဌာန်းထားရှိပါသော်လည်း အချို့သော ရပ်/ကျေးအုပ်စုများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ခြင်းကို ရက်ပေါင်း ၃၀ အတွင်း မဆောင်ရွက်နိုင်ကြဘဲ လနှင့်ချီပြီးကြာနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုလိုနေရာမျိုးတွင် ယာယီ အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးမှူးအစားထိုး ခန့်အပ်ခြင်းများ မပြီးဆုံးသည်အထိ ယာယီအုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင်နေကြရသည်ကို တွေ့ရှိရပါကြောင်း၊
ယခုလို အချိန်ပေးတာဝန် ထမ်းဆောင်နေကြရသော်လည်း ယာယီအုပ်ချုပ်ရေးမှူးများသည် လစဉ်ချီးမြှင့် ထောက်ပံ့ငွေများကို ခံစားရရှိခြင်း မရှိရကြောင်းနှင့် ယခုလိုဖြစ်ရခြင်းကလည်း ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေအခန်း (၁၂) ပုဒ်မ ၂၈ နှင့် နည်းဥပဒေအခန်း (၈) ပုဒ်မ ၃၆ ပုဒ်မခွဲ (က) များအရဆိုလျှင် အဆိုပါ ချီးမြှင့်ထောင်ပံ့ငွေများသည် အုပ်ချုပ်ရေးမှူးများ အတွက်သာ ဖြစ်သည့်အတွက် သူတို့မရရှိကြပါကြောင်း၊ ၎င်းတို့မှာ များစွာ နစ်နာနေကြရသည်ကို တွေ့မြင်သိရှိ ရပါကြောင်း၊
သို့ဖြစ်ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာများတွင် ယာယီအုပ်ချုပ် ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ခံရသူများမှာ လစဉ်ချီးမြှင့်ထောက်ပံ့ငွေများကို ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများအရ ရရှိခံစားရခြင်းမရှိဘဲ နစ်နာနေကြရသည်ကို မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်ခံစားခွင့်များကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေအရ နှစ်ကာလအလိုက် ခွင့်ပြုတိုးမြှင့် ပေးလျက်ရှိသည့် အားလျော်စွာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေကို နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေ၊ ခေတ်ကာလ အခြေအနေ၊ အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းသဘော သဘာဝအခြေအနေ၊ နယ်မြေဒေသ အခြေအနေအနတို့အား လွှမ်းခြုံထည့်သွင်း စဉ်းစားပြီးမှ သင့်လျော်မှုရှိနိုင်သည့် လစဉ်ချီးမြှင့် ထောက်ပံ့ငွေပမာဏအား သတ်မှတ်ခွင့်ပြု ပေးလျက်ရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေပုဒ်မ ၂၈ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လစဉ်ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ အုပ်ချုပ်ရေးမှူးများ၏ လစဉ်ချီးမြှင့်ထောက်ပံ့ငွေများအား ၂၀၁၂ -၁၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှစ၍ လစဉ်ချီးမြှင့်ထောက်ပံ့ငွေ ခုနစ်သောင်းကျပ်နှင့် ရုံးအသုံးစရိတ် ငါးသောင်ကျပ်ဟု သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ငွေစာရင်းမှ လစဉ်ချီးမြှင့် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရပ်ကွက်/ကျေးရွာအုပ်စု ၁၆၉၄၇ ခုရှိပြီး အုပ်ချုပ်ရေးမှူး တစ်ဦးကို တစ်လလျှင် ချီးမြှင့်ထောက်ပံ့ငွေ ခုနစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ တစ်လလျှင် ကုန်ကျငွေမှာ ကျပ် ၁၁၈၆.၂၉ သန်းကုန်ကျပြီး တစ်နှစ်လျှင် ကျပ် ၁၄၂၃၅.၄၈ သန်း ထောက်ပံ့လျက် ရှိပါကြောင်း၊ ရုံးအသုံးစရိတ်ကိုလည်း တစ်လလျှင် ငါးသောင်းကျပ်နှုန်းဖြင့် တစ်လလျှင် စုစုပေါင်းကျပ် ၈၄၇.၃၅ သန်းဖြစ်ပြီး တစ်နှစ်အတွက် ကျပ် ၁၀၁၆၈.၂၀ သန်း အသုံးပြုလျက် ရှိပါကြောင်း၊ ချီးမြှင့်ထောက်ပံ့ငွေနှင့် ရုံးအသုံးစရိတ် တစ်လလျှင် စုစုပေါင်းကျပ် ၂၂၀၃၃. ၆၄ သန်းနှင့် တစ်နှစ်အတွက် ကျပ် ၂၆၄၄၀၃.၆၈ သန်း ထောက်ပံ့ပေးလျက် ရှိကြောင်း စိစစ်သိရှိရပါသည်။
အုပ်ချုပ်ရေးမှူး နေရာများလစ်လပ်သွားလျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) တွင် ဖော်ပြထားသည့်အတိုင်း တာဝန်မှယာယီ ရပ်ဆိုင်းခြင်းခံရသော ကာလတွင်ဖြစ်စေ၊ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှယာယီ ရပ်ဆိုင်းခြင်းကြောင့် လစ်လပ်နေသည့် ကာလတွင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ တာဝန်ကို ထမ်းဆောင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယင်းရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ ပုဒ်မ ၇ ပုဒ်မခွဲ (ဆ) အရ ဒုတိယဦးစားပေးအဆင့် ရရှိသူအား ယာယီတာဝန် ပေးအပ်ရမည်ဟူ၍ ပြဋ္ဌာန်းထားရှိပါကြောင်း၊ ပုဒ်မ ၁၆ ပုဒ်မခွဲ (က) တွင် နုတ်ထွက်ခွင့်ပြုခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခြင်းကြောင့် လစ်လပ်နေသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာအတွက် ပုဒ်မ ၅၊ ၆ နှင့် ၇ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်၍ ရက်ပေါင်း ၃၀ အတွင်း ခန့်အပ် တာဝန်ပေးအပ် ရမည်ဟု ပြဋ္ဌာန်းထားရှိခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးမှူးများ လစ်လပ်မှု မရှိစေရေးအတွက် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအရ အုပ်ချုပ်ရေးမှူး အသစ်များအား အမြန်ဆုံးရွေးချယ် ခန့်အပ်သွားရန် လည်းကောင်း၊ လုံးခြုံရေးအရ ရွေးချယ်ခန့်အပ် သွားရန်ဟုလည်းကောင်း၊ လုံခြုံရေးအရ စိုးရိမ်ရခြင်းမရှိသည့် နေရာများတွင် ရွေးချယ်ခန့်ထားရေး အမြန်ဆောင်ရွက် သွားရန်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဌာန၏ ရုံးချုပ်တွင် ၂၈-၁၀-၂၀၁၇ ရက်နှင့် ၁၆-၅-၂၀၁၈ ရက်တို့တွင် နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများကို ညွှန်ကြားထားရှိပြီး ဖြစ်ပါကြောင်း၊
ဆက်လက်ပြီး အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တိုင်ကြားမှု များကြောင့် ပြန်လည်စိစစ်နေရခြင်း၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် မိမိရပ်ရွာမှ ကြီးကြပ် ရေးအဖွဲ့တွင် ပါဝင်လိုမှုအတွက် ဖွဲ့စည်းနိုင်ရေး အခက်အခဲရှိခြင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ အချင်းချင်း ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ အမြင်မတူညီမှုများကြောင့် သဘောထားကွဲလွဲမှုရှိခြင်း၊ အချင်းချင်းတိုင်ကြားခြင်း၊ ဆယ်အိမ်စုများ စုဖွဲ့ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များ စိတ်ကြိုက်ဖွဲ့စည်းခြင်းများကြောင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆက်လက် ဆောင်ရွက်နိုင်မှု မရှိခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် အုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ ရွေးချယ်ပြီးမှ နောက်ကြောင်း ပြန်တိုင်ကြားခြင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ရွေးချယ်ပြီးဖြစ်သော်လည်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၅ ပါ ပြည့်စုံရမည့် အရည်အချင်းများနှင့် ကိုက်ညီမှုမရှိကြောင်း ပုဂ္ဂိုလ်အရတိုင်ကြားခြင်း၊ အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်လိုသော ပုဂ္ဂိုလ်အချင်းချင်း အပြစ်ရှာတိုင်ကြားခြင်းစသည့် အချက်များကြောင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေး တာဝန်များ ကြန့်ကြာနေရပြီး ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေး ထမ်းဆောင်စေသည့် ကာလကြန့်ကြာ နေရခြင်းဖြစ်ပါကြောင်း၊
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၈ အရ မြို့နယ်အုပ်ချုပ်ရေးမှူးများသည် ကြီးကြပ်ရေးအဖွဲ့က ပုဒ်မ ၇ ပုဒ်မခွဲ (ဇ) အရ တင်ပြ လာသည့် အမည်စာရင်းပါ ပုဂ္ဂိုလ်များစိစစ်ပြီး ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်စုံပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရပြီး ဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ (က) အရ ရွေးချယ်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးအား လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာများ လစ်လပ်သွားပါက မြို့နယ်အုပ်ချုပ်ရေးမှူးများသည် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) တွင် ပုဒ်မ ၇ ပုဒ်မခွဲ (စ) အရ ဒုတိယဦးစားပေး ရရှိသူအား ယာယီတာဝန်ပေးအပ်မည် ပါရှိသည့်အတွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေး မပြုမီ ယာယီတာဝန် ထမ်းဆောင်ခြင်းသာဖြစ်၍ လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ ပေးနိုင်ခြင်းမရှိပါကြောင်း စိစစ်သိရှိရပါသည်။ သို့ဖြစ်ပါ၍ လစ်လပ်နေသော အုပ်ချုပ်ရေးမှူးများအား အမြန်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များ၏ လမ်းညွှန်ချက်များ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ခန့်အပ်လျက် ရှိပါကြောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အငြင်းပွားမှုများ တိုင်ကြားမှုများကြောင့် ရွေးချယ်ခန့်အပ်ရေး လုပ်ငန်းများ ကြန့်ကြာနေသည့် ကာလအတွင်း ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးထမ်း ဆောင်စေသည့်ကာလကို စရိတ်ချီးမြှင့်ငွေထောက်ပံ့ပေးရန် အစီအစဉ် လောလောဆယ်ဆယ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
