ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၈.၂.၂၀၁၉)

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၉)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)   ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးခင်ချို၊ လှိုင်းဘွဲ့မဲဆန္ဒနယ်က မေးမြန်းသော လှိုင်းဘွဲ့မြို့၏မြောက်ဘက် (၃)မိုင် ကျော်ခန့်ရှိသော ထန်းတပင်တောင်ရှိ ဘုရားစေတီဟောင်းနှင့် ဘုန်းကြီးကျောင်းနေရာ ပတ်ဝန်းကျင်တောအုပ်သည် ရှေးနှစ်ပေါင်းများစွာက တည်ထားခဲ့သော မြို့ဟောင်း နေရာတစ်ခုဖြစ်ရာ နိုင်ငံ၏ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအနေဖြင့် ပြန်လည်လေ့လာ စိစစ်ဖော်ထုတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခြင်း ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဦးစားပေး ထိန်းသိမ်းရမည့်စာရင်းတွင် မပါရှိပါသဖြင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရေးဇုန်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း နှင့်အဆိုပါနေရာသည် သက်တမ်းနှစ် (၁၀၀)ကျော်အထိ မြို့ဟောင်းနေရာ ဖြစ်သော ကြောင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၃ အရ၊ ၂၀၁၅ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၅ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၅၁ ရှေးဟောင်းအဆောက်အဦများကာကွယ်ထိန်းသိမ်းရေး ဥပဒေများအရ ထိန်းသိမ်းကာကွယ်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

 

(၂)    ဦးတိုးဝင်း၊ တာမွေမဲဆန္ဒနယ်က မေးမြန်းသော ပိုင်ဆိုင်မှုကိစ္စဖြင့် တရားရင်ဆိုင် ချိပ်ပိတ်ခံထားရသော သန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ကျောင်းအတွင်းရှိ အများပြည်သူ လှူဒါန်းသမှုအစုစုတို့ကို အမှုကိစ္စမပြီးပြတ်ခင် ကာလအတွင်း ရန်သူမျိုးငါးပါးအန္တရာယ်မှ ကင်းဝေးစေရန် မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သတ္တမ အကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အဌာရသမအစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

 

(၃)    ဦးစိန်မြင့်၊ မြင်းခြံမဲဆန္ဒနယ်က မေးမြန်းသော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြဆရာ၊ ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးငွေကို တိုးပေးနိုင်ခြင်း ရှိ၊ မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက လောလောဆယ်တိုးမြှင့်ပေးနိုင်ခြင်း အစီအစဉ် မရှိသေး ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ်က မေးမြန်းသော လွှတ်တော်ကိုယ်စားလှယ်များ ၏တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လွဲမှားသည့် အယူအဆဖြင့် ကန့်သတ်ချက်များ ထုတ်ပြန်ညွှန်ကြားခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေများကို မျက်ကွယ်ပြုရာရောက်သဖြင့် အလားတူမဖြစ်စေရေး မည်ကဲ့သို့ ထိန်းကျောင်းဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(စ)တွင် “မဲဆန္ဒရှင်များနှင့်တွေ့ဆုံရာတွင် နေရာထိုင်ခင်းနှင့် လိုအပ် ချက်များကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရာ၌ လိုအပ်ပါက သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်း/ ပုဂ္ဂိုလ်များအား ညှိနှိုင်းဆောင်ရွက်နိုင်သည်” ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သောကြောင့် လိုအပ်မှသာ စီစဉ်ပေးရမည်ဟု မှတ်ယူရမည်ဖြစ်သည့်အတွက် ရှင်းလင်းပွဲ နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား အုပ်ချုပ်ရေးအဖွဲ့ အစည်းများမှ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရသည့် သဘောမသက်ရောက်စေ ရေး နိုင်ငံအချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သ၍ ပိုင်းခြားသုံးစွဲခြင်း ဟူသည့် အခြေခံသဘောတရားများနှင့် ညီညွတ်စေရေးတို့အတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ “ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့အနေဖြင့် စီစဉ်ရုံစီစဉ် ပေးရန်” ဟု မှတ်ချက်ပြုညွှန်ကြားခဲ့ခြင်းသာဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးစိုင်းသန့်ဇင်၊ သီပေါမဲဆန္ဒနယ်က မေးမြန်းသော သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စုအား နမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ကြိုးစား ဆောင်ရွက်နေကြပါသော်လည်း မည်သည့်အခက်အခဲများကြောင့် ကြန့်ကြာနေရ ပါသနည်း၊ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် အခြားမြေအသုံးပြုခွင့် ခွင့်ပြုမိန့် လိုအပ်လျက်ရှိသော တောရိုင်းမြေဧရိယာ ၁၁၁.၃၅ ဧကကို ခွင့်ပြုမိန့်ရရှိပြီးမှသာ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု၊ ကျေးရွာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေ ကြားခဲ့သည်။

 

(၆)    ဒေါက်တာဦးမြင့်သိန်း၊ ညောင်လေးပင်မဲဆန္ဒနယ်က မေးမြန်းသော ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် အုပ်ချုပ်ရေးမှူးနေရာများ လစ်လပ်သွား၍ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ခံရသူများမှာ လစဉ် ချီးမြှင့်ထောက်ပံ့ငွေများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ရရှိခံစားခြင်းမရှိဘဲ နစ်နာရသည်ကို မည်သို့စီစဉ် ဆောင်ရွက်ပေးနိုင်မည် မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယ ဝန်ကြီး ဦးတင်မြင့်က အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်နိုင်ခြင်း မပြုမီ ယာယီ တာဝန်ထမ်းဆောင်စေခြင်းသာဖြစ်၍ လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က မေးမြန်းသော တမူးခရိုင်အတွင်းရှိ အလှော် ၊ ပွတ်တာနှင့် မင်းသမီးကျေးရွာများ ရွာနယ်နိမိတ်သတ်မှတ်ပေးရန် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် ခွင့်ပြု ချက်ရရှိမှသာ ခရိုင်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာတိုးချဲ့ပြင်ဆင် ဖွဲ့စည်း ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  အဆို (၁) ခု တင်သွင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများနေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်း ဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ် အဆင့်မြှင့်တင်ဆောင်ရွက်ပေး ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းပြီး ဦးစိုင်းဦးခမ်း၊ သိန္နီမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၉-၂-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၀-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။