ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့
အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၃ ) ဦးအနက် ( ၃၉၆ ) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၇) ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးမောင်မောင်၊ ထီးချိုင့်မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံကျော်စာရေးဆရာကြီး ရွှေဥဒေါင်းစာအုပ်များ ထုတ်ဝေမှု၊ စာမူများထိန်းသိမ်းထားမှု၊ စာမူခများရရှိမှု ပမာဏနှင့်ရွှေဥဒေါင်း စာပေဆုချီးမြှင့်ရန် မည်သို့စီမံဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မူပိုင်ခွင့်တောင်းခံခြင်းနဲ့ ဉာဏ်ပူဇော်ခ ချီးမြှင့်ခြင်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့သော မြန်မာဂန္ထဝင်အတွဲ ၁၀၀ စာစဉ် ထုတ်ဝေရေး ကော်မတီက မန္တလေးမြို့ရှိ ဆရာကြီးရွှေဥဒေါင်းစာမူ ထိန်းသိမ်းရေးကော်မတီမှ ဆရာဦးငြိမ်းချမ်း (ညီပုလေး) နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ရွှေဥဒေါင်းစာပေ ဆုချီးမြှင့်နိုင်ရန် လောလောဆယ် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးကျော်စိုး၊ ဗန်းမောက်မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းစေရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါသဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သော ဓာတ်အားခွဲရုံများ တည်ဆောက်သည့် ဘဏ္ဍာနှစ်များနှင့်အနီးစပ်ဆုံး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးစောတင်ဝင်း၊ ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်က မေးမြန်းသော ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော (၁၂၈၀) မီဂါဝပ် ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျောက်မီးသွေး အတင်အချပြုလုပ်ရာမှာ ရေရှည်တွင် ပင်လယ်ပြင်နှင့်ကမ်းခြေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေနိုင်ခြင်းကြောင့် ဆောင်ရွက်ရန် မသင့်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့်အပြင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် တင်ပြလာသည့် စီမံကိန်းများကို စဉ်းစားဆောင် ရွက်ရာတွင် ဘက်ပေါင်းစုံ လေ့လာပြီးမှ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ကရင်ပြည်နယ်အတွင်း မော်လမြိုင်-မြဝတီ ဓာတ်အားခွဲရုံ (၂၃၀ ကေဗွီ) မှာ လာမည့်ဧပြီလတွင် ပြီးစီးမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပိုမိုတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးထွန်းဝေ၊ ဖောင်းပြင်မဲဆန္ဒနယ်က မေးမြန်းသော တမလန်းနှင့် ပိတောက်၊ သစ်မာများကို Annual Allowable Cut သတ်မှတ်၍ ပုဂ္ဂလိက ထုတ်လုပ်ခွင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၁၈ အရ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် မြန်မာ့သစ်လုပ်ငန်းက ဆောင်ရွက်လျက် ရှိသည့်အတွက် ပုဂ္ဂလိက/ကုမ္ပဏီ လုပ်ငန်းရှင်များကို သစ်ခုတ်လှဲထုတ်ယူခွင့်ပြုရန် အစီအစဉ်မရှိ သေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးခင်မောင်လတ်၊ မြန်အောင်မဲဆန္ဒနယ်က မေးမြန်းသော မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စုအတွင်းရှိ ရွှေသမင်သစ်တောကြိုးဝိုင်းအတွင်း တည်ရှိ သော သရက်ချောင်း၊ ပန်းတိုက်ကျေးရွာအား သစ်တောမြေမှ ပယ်ဖျက်၍ ရွာမြေ နှင့်လုပ်စားကိုင်စားမြေအဖြစ် ဖွဲ့စည်းချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောဦးစီးဌာနအနေနဲ့ သစ်တောနယ်မြေ အဖြစ်မှ ပယ်ဖျက်ခြင်း လုပ်ငန်းစဉ် အမှတ်စဉ် (က)မှ (ဂ) အထိ ပါဝင်သော မြေများ အားလုံးအတွက် ပယ်ဖျက်ပေးလျက်ရှိပြီး အိမ်ခြေ (၅၀) အောက် ပြန့်ကျဲအိမ်ထောင်စု များနှင့် နီးစပ်ရာကျေးရွာများမှ ဝင်ရောက်လုပ်ကိုင်သော လယ်မြေများကို ကြိုးဝိုင်းမှ ပယ်ဖျက်ပေးခြင်းအား လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပယ်ဖျက်ပေးသည့် အချိန်ကျမှသာ ဆောင်ရွက်ပေး နိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးလင်းလင်းဦး၊ တနိုင်းမဲဆန္ဒနယ်က မေးမြန်းသော တနိုင်းမြို့နယ်တွင် ပယင်း၊ ရွှေသတ္တုတို့ နှင့်စပ်လျဉ်း၍ အသေးစားနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ် ခွင့်ကို ခွင့်ပြုနိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်နေကြောင်းကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပယင်းရတနာကို တရားမဝင်တူးဖော်လျက် ရှိသောနေရာများသည် ရတနာနယ်မြေအတွင်း ကျရောက်ခြင်း မရှိသည့်အတွက် ရတနာနယ်မြေပြင်ပဧရိယာတွင်ရှိသော လက်လုပ်လက်စား ဧရိယာအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့ (လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့) က လုပ်ကိုင်ခွင့်ပြုနိုင်ပြီး ရွှေအသေးစားလုပ်ကွက် (၂) ကွက်ကို မြို့နယ်ကွင်းဆင်းအဖွဲ့မှ ကွင်းဆင်း စစ်ဆေးတိုင်းတာပြီး ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိရန် တင်ပြထားပါကြောင်း၊ တနိုင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို ခေတ္တဆိုင်းငံ့ ထားပါကြောင်းနှင့် အကယ်၍ ကွင်းဆင်းစစ်ဆေးပြီးပါက အသေးစား၊ လက်လုပ်လက်စား လုပ်ကွက်များအတွက် ဧရိယာ သတ်မှတ်ပြီးပါက ခွင့်ပြုပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးထွန်းထွန်းဝင်း၊ ရမည်းသင်းမဲဆန္ဒနယ်က မေးမြန်းသော ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ဒေသရှိ အကြီးစားရွှေလုပ်ကွက် (A)၊ ဝါးဖြူထောင်ဒေသရှိ ရွှေလုပ်ကွက် (B)၊ သပြေပင်ဒေသနှင့် ဇီးဖြူကုန်းဒေသရှိ ရွှေလုပ်ကွက် (C) တို့အား တရားဝင် ရွှေထုတ်လုပ်ခွင့်ပြု ပေးနိုင်ရေးအတွက် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လုပ်ကွက် (A) ဧရိယာအတွင်း ရွှေထုတ်လုပ်ခွင့်ကို တရားဝင်ပြန်လည် သတ်မှတ်ချထားနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်တွင် တရားမကြောင်းဖြင့် တရားစွဲဆိုရေး ဆောင်ရွက်လျက် ရှိပြီး အဆိုပါ တရားမမှု၏ ဆုံးဖြတ်ချက်အမိန့်အပေါ် မူတည်၍ လည်းကောင်း၊ လုပ်ကွက် (B) အား ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဆက်လက် တင်ပြ၍လည်းကောင်း၊ လုပ်ကွက် (C) အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်တောင်းခံ ထားပါကြောင်းနှင့် သဘောထားမှတ်ချက် ပြန်ကြားလာပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ခ ) အဆို (၁) ခုတင်သွင်းခြင်း
ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေးကဏ္ဍတွင် လျှပ်စစ်မီးလင်းရေး ကော်မတီများထံ ရင်းနှီးငွေထည့်ဝင်ရန် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရရှာသော ဆင်းရဲသားအများ ပြည်သူများလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် နောင်အခါ ဖြန့်ဖြူးရေးတွင် ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သင့်တင့်သော ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ အရင်းကျေကာလနှင့် အကျိုးခံစားခွင့်ကာလ သတ်မှတ်ပေး ခြင်းတို့ကို ခိုင်မာသော စာချုပ်ချုပ်ပြီး အများပိုင်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဖြန့်ဖြူးစေသော စနစ်ကောင်းတစ်ရပ် ဖော်ထုတ်ပေးပါရန် အဆိုကို တင်သွင်းပြီး ဦးအောင်စိုးမင်း၊ ရွာငံမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၁-၂-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
( ဂ ) ဥပဒေကြမ်း (၁) ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ အစီရင်ခံစာဖတ်ကြားခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၁၃-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃-၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
