အောင်ဘာလေသိန်းဆုဌာနမှ သတ်မှတ်ဈေးနှုန်းဖြင့် ပြည်သူများလွယ်ကူစွာ ဝယ်ယူကံစမ်းနိုင်ရေး အတွက် မည်သို့ စီမံဆောင်ရွက်ထားသည်နှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချနေသော လုပ်ငန်းရှင် အဆင့်ဆင့်များအား မည်သို့ညှိနှိုင်းစီမံ ဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိမှ အောင်ဘာလေထီလက်မှတ်ကို ၁၀ စောင် ဝယ်ခဲ့ရာ ၇၀၀၀ ကျပ်ပေးခဲ့ရခြင်းကြောင့် မည်သူများက အကျိုးအမြတ် ရနေသနည်းဆိုသည့် အခြေအနေများကို (၁၇) ကြိမ်မြောက် အောင်ဘာလေ ကိန်းဂဏန်း အချက်အလက်များကို လေ့လာကြည့်ရာတွင် အပိုင်းသုံးပိုင်း တွေ့ရှိရပါကြောင်း၊
ပထမပိုင်းအနေဖြင့် အောင်ဘာလေဌာနခွဲ ဖြန့်ချိမှုစနစ်ဖြင့် အကျိုးအမြတ်ကို လေ့လာရာ ဖြန့်ချိမှုစနစ်က ဌာနကိုယ်စား ရောင်းချပေးလိုသည့် လုပ်ငန်းရှင်က လစဉ်ရောင်းချပေးလိုသော ထီအုပ်ရေကို တစ်နှစ်စာပဋိဉာဏ်စာချုပ် ချုပ်ဆိုပြီးတစ်ဆင့် ပြန်လည်ရောင်းချပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ၂၆-၇-၂၀၁၈ ရက် မြန်မာ့အလင်း သတင်းစာတွင်ပါသည့် ဌာနခွဲ၏ ကြေညာချက်အရ အကျိုးအမြတ်ရသည့် အပိုင်းတွင် ဌာနနှင့်လုပ်ငန်းရှင်များက ၎င်းတို့၏ ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုစရိတ်များကို နုတ်ရအုံးမည် ဖြစ်ပါကြောင်း၊ တကယ့် လက်တွေ့တွင် ပြည်သူများက ထီတစ်စောင်ကို ၅၀၀ ကျပ်မှ ၇၀၀ ကျပ် အထိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်နေပါကြောင်း၊ တချို့နေရာတွင် ၇၀၀ ကျပ်ထက် ပိုများသည့်နေရာလည်း ရှိပါကြောင်း၊ မည်ကဲ့သို့ဖြစ်စေ အနိမ့်ဆုံးပျမ်းမျှ တစ်စောင်ကို ၆၀၀ ကျပ်နှုန်းဖြင့် တွက်ချက်လျှင် အဆိုပါ ဇယားအရဆိုလျှင် လုပ်ငန်းရှင်များ၏ အကျိုးအမြတ်သည် ၅၀၀ မြင့်တက်လာခဲ့ပြီး ၎င်းအတွက် ပြည်သူကပေးခဲ့ရခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ တစ်နိုင်ငံလုံး ၆၀၀ ကျပ်နှင့်အထက် ရောင်းနေကြသည့် ဈေးနှုန်းနှင့်သာ တွက်ချက်ပါက တာဝန်ယူလုပ်ကိုင်ကြသော အောင်ဘာလေ ဌာနခွဲထက် လုပ်ငန်းရှင်အဆင့်ဆင့်ရကြသည့် ဝင်ငွေကပိုများနေသည်ကို တွက်ချက်ကြည့်၍ ရနိုင်ပါကြောင်း၊
ယခုလို ဈေးနှုန်းမြင့်တက်သွားခြင်းကို လေ့လာကြည့်လျှင် လုပ်ငန်းရှင်ကြီးများကတစ်ဆင့် ဖြန့်ချိရာ ထီတစ်စောင်ကို သတ်မှတ်ဈေးနှုန်းအတိုင်း ၅၀၀ ကျပ်နှုန်းဖြင့်တစ်ဆင့် ဝယ်ယူသူ လုပ်ငန်းရှင် ငယ်များကို ထီလက်မှတ်အတွက် ဘောက်ချာတစ်ခုနှင့် ပင်မလုပ်ငန်းရှင်၏ အမှတ်တံဆိပ်ပါ ထုတ်ပိုးပစ္စည်းအတွက် ဘောက်ချာတစ်ခုစီ သီးခြားရေးသွင်းပြီး ဖြန့်ချိခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်လီလုပ်ငန်းရှင်ငယ်များက ထီတစ်အုပ်လျင် တစ်စောင်ရရှိသည့် အကျိုးအမြတ် ဆုံးရှံး သွားရသည့်အပြင် အမှတ်တံဆိပ် ထုတ်ပိုးပစ္စည်းများအတွက်ပါ ထပ်မံကုန်ကျခြင်းကြောင့် မိမိဝယ်ခဲ့ရသလို ထီ ၁၀ စောင်ကို ၇ ကျပ်ဈေးပေးပြီး ဝယ်ယူကံစမ်းရသည့် အခြေအနေဖြစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုလို တွက်ချက်တင်ပြခြင်းသည် ဌာနနှင့် လုပ်ငန်းရှင်များကိုပါ ထိခိုက်နစ်နာ စေလိုသည့် ဆန္ဒလုံးဝမပါပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များ၏ ကံ၊ ဉာဏ်၊ ဝိရိယနှင့်စွန့်ဦး တီထွင်ကြံဆမှုများကြောင့် ရလာသည့် အကျိုးအမြတ်အတွက် အလွန်မုဒိတာ ပွားရပါကြောင်း၊ သို့သော်လည်း အောင်ဘာလေသိန်းဆုဌာနမှ သတ်မှတ်ဈေးနှုန်းဖြင့် ပြည်သူများလွယ်ကူစွာ ဝယ်ယူကံစမ်းနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည့် အစီအစဉ်များနှင့် သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချနေသော လုပ်ငန်းရှင်အဆင့်ဆင့်များအား မည်သို့ညှိနှိုင်းစီမံ ဆောင်ရွက်သွားမည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောက်ဘာလေသိန်းဆု ဌာနခွဲအနေဖြင့် ဘဏ္ဍာနှစ်တစ်နှစ်အတွက် ထီစာအုပ်များရောင်းချနိုင်ရန် ဘဏ္ဍာနှစ်မတိုင်မီ ၃ လခန့် ကြိုတင်ပြီး နိုင်ငံပိုင်သတင်းစာများနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ Website များတွင် ထည့်သွင်းကြေညာပြီး ထီဝယ်ယူလိုသူများထံကလျှောက်လွှာ ခေါ်ယူခြင်းများဆောင်ရွက် ရပါကြောင်း၊ ထီစာအုပ်ဝယ်ယူခွင့် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ ဖြစ်ပါက အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်မြို့)၊ မန္တလေးစည်ပင်သာယာ နယ်နိမိတ်အတွင်း နေထိုင်သူဖြစ်ပါက အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ)၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင်သူဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးများမှတစ်ဆင့် လျှောက်ထားရပါကြောင်း၊ ထီစာအုပ်ဝယ်ယူခွင့် လျှောက်ထားလာမှုများအပေါ် အဆင့်ဆင့်စိစစ်မှုများ ပြုလုပ်ပြီး ဝယ်ယူခွင့်ရရှိသူများကို ၎င်းတို့စတင်လျှောက်ထားသည့် ရုံးများကတစ်ဆင့် အသိပေး ခြင်းနှင့် ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက် ထုတ်ပြန်ကြေညာပေးခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထီစာအုပ်ဝယ်ယူခွင့် ရရှိသည့်သူများသည် ၎င်းတို့လျှောက်ထားတင်ပြခဲ့သော ရုံးအသီးသီးတွင် ဝယ်ယူခွင့်ရသည့် အရေအတွက်အပေါ် မူတည်ပြီး ထီစာအုပ်တစ်အုပ်ကို ကျပ် ၁၀၀ နှုန်းဖြင့် ၃ လစာ အာမခံငွေ Deposit ပေးသွင်းပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များပါသည့် သဘောတူစာချုပ် ချုပ်ဆိုပြီး လစဉ်ဝယ်ယူကြရပါကြောင်း၊ ထီစာအုပ်တစ်အုပ်ကို ထီလက်မှတ် ၁၁ စောင်ပါရှိပြီး ထီစာအုပ်တစ်အုပ် ဈေးနှုန်းသည် ၅၀၀၀ ကျပ်နှုန်းနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ဖြန့်ဖြူးပေးခြင်းဖြစ်ပါကြောင်း၊ ထီစာအုပ်ဝယ်ယူရောင်းချသူများ လိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုနိုင်ရေးအတွက် ထိန်းချုပ်သည့် စည်းကမ်းချက်ပါရှိပါကြောင်း၊ အဆိုပါ စည်းကမ်းချက်အပါအဝင် သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက ဝယ်ယူခွင့်ရရှိသူများ ပေးသွင်းထားသည့် အာမခံစပေါ်ငွေ Deposit များကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူပြီး ဝယ်ယူခွင့်ရပ်စဲခြင်းများ ပြုလုပ်နိုင်ပါကြောင်း၊
၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅၀၀ ကျပ်တန် အောင်ဘာလေထီစာအုပ်များကို လစဉ်လာရောက် လျှောက်ထားဝယ်ယူသူ ဦးရေ ၃၇၀၀ ကျော်ရှိပါကြောင်း၊ ထီစာအုပ်များကို ကြိုတင်မှာကြားသည့် နေရာတွင် ထီဝယ်ယူရောင်းချလိုသူများ၏ အဆိုပြုသည့် အရေအတွက်အပြင် ထပ်ဆောင်းပြီး အက္ခရာလုံးရေအပြင် အောင်ဘာလေသိန်းဆုဌာနခွဲ၊ ရုံးခွဲနှင့်မြို့နယ်ရုံးများကို လက်လီလာရောက် ဝယ်ယူမည့် ပြည်သူများ၏ ဝယ်လိုအားကိုပါတွက်ချက်ပြီး အကြိမ်တိုင်းအကြိမ်တိုင်းတွင် အရံထီအဖြစ်နှင့် အက္ခရာလုံးရေတစ်လုံးကို ထပ်ဆောင်းတွင် ယူဖြန့်ဖြူးလျက်ရှိပါကြောင်း၊ အောင်ဘာလေထီစာအုပ်များ မှာယူခြင်းအပိုင်းတွင် ဝယ်ယူလိုသူများ၏ အဆိုပြုချက်၊ အချိန်ကာလအလိုက် ထပ်မံပေါ်ပေါက်လာနိုင်သည့် ဝယ်လိုအားစသည့် အခြေအနေများကို တွက်ချက်ပြီး အနည်းဆုံး ၃ လ ကြိုပြီး မှာရခြင်းဖြစ်ပါကြောင်း၊ ပုံနှိပ်သည့် သူဖြစ်သည့် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ (စက်ရုံ) သို့ ကြိုတင်မှာကြားခြင်း၊ ရိုက်နှိပ်ပြီးသည့် ထီစာအုပ်များကို ကြိုတင်သယ်ယူပြီး ဂဏန်းများ၊ အက္ခရာများမျှတစွာ ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းများ ပြုလုပ်ရပါကြောင်း၊
ယခုအခါ ပြည်သူလူထုအနေဖြင့် ၅၀၀ ကျပ်တန် အောင်ဘာလေထီ၏ ဆုမဲပမာဏမြင့်မားမှု၊ ဆုမဲအရေအတွက် များပြားမှုတို့ကြောင့် ယခင်ထက်စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် အက္ခရာ ၄၇ လုံး၊ ဧပြီလတွင် အက္ခရာ ၄၃ လုံး၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လများတွင် အက္ခရာ ၄၅ လုံး၊ သြဂုတ်လတွင် အက္ခရာ ၄၆ လုံးနှင့် စက်တင်ဘာလတွင် အက္ခရာ ၄၇ လုံး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အက္ခရာ ၅၀ လုံးစီ ရောင်းချနိုင်ခဲ့သဖြင့် စုစုပေါင်းအက္ခရာ ၄၁၈ လုံးရောင်းချနိုင်ခဲ့ပါကြောင်း၊ နောက်ဆုံးဖွင့်လှစ်သည့် ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်အထိ မှာကြားသည့် အရေအတွက်အတိုင်း အက္ခရာလုံးရေ ၅၀ လုံးအထိ ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပါကြောင်း၊
၂၀၁၇ ခုနှစ် မတ်လမှ ဒီဇင်ဘာလအထိ ၅၀၀ ကျပ်တန် အောင်ဘာလေထီအက္ခရာ ၂၉၀ လုံး ကျော် ရောင်းချနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လမှ နိုဝင်ဘာလအထိ ၅၀၀ ကျပ်တန် အောင်ဘာလေ ထီအက္ခရာ ၄၁၈ လုံးကျော် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် အက္ခရာ ၁၂၈ လုံးခန့် ပိုမို ရောင်းချနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ နောက်ဆုံးဖွင့်လှစ်ခဲ့သည့် (၂၁) ကြိမ်မြောက် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲတွင် အက္ခရာလုံးရေ ၅၀ လုံးကို လိုအပ်ချက်နှင့်အညီ ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့ပါကြောင်း၊ (၁၈) ကြိမ်မြောက်အထိ ထီအက္ခရာလုံးရေ ၄၆ လုံးထုတ်ဝေခဲ့ပြီး ထီလက်မှတ် အရေအတွက် ရွက်ရေအားဖြင့် ၄၁ သန်း နီးပါးရှိပါကြောင်း၊ (၂၀) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲက စတင်ပြီး ထီအက္ခရာလုံးရေ ၅၀ ခန့်အထိ တိုးမြင့်ထုတ်ဝေခဲ့ရာမှ ထီလက်မှတ် အရေအတွက်သည် ရွက်ရေ ၄၅ သန်းခန့်ရှိလာပြီ ဖြစ်ပါကြောင်း၊
ပြင်ပတွင် ထီဈေးနှုန်းတိုးမြှင့်ရောင်းချနေမှုသည် နေ့စဉ်လုပ်အားခနှုန်းထားနှင့် ဆက်စပ်လျက်ရှိသည်ကိုလည်း လေ့လာချက်များအရ တွေ့ရှိရပါသည်။ ယခင် တစ်နေ့လုပ်အားခ ၃ ကျပ် ၁၅ ပြား ရရှိခဲ့သည့် အချိန်တွင် ထီလက်မှတ်တစ်စောင်၏ ရောင်းဈေးသည် ၂ ကျပ် ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထီစာအုပ်တစ်အုပ်တွင် ၁၁ စောင် ပါရှိခြင်းကြောင့် ထီတစ်အုပ်ရောင်းချပြီးပါက လက်လီထီရောင်းချ သူအနေဖြင့် ကော်မရှင်ခ ၂ ကျပ် ရရှိမည် ဖြစ်ပါကြောင်း၊ လက်လီထီရောင်းချသူ တစ်ဦးသည် ယခင်က တစ်ရက်တွင် ထီနှစ်အုပ်ရောင်းချရုံဖြင့် တစ်နေ့လုပ်အားခ ပြည့်မီနိုင်ခဲ့သော်လည်း ယခုအခါ တစ်နေ့လုပ်အားခသည် ကျပ် ၅၀၀၀ ခန့်ဖြစ်ရာ ကျပ် ၅၀၀ တန် ထီစာအုပ် ၁၀ အုပ်ခန့် ကုန်စင်အောင် ရောင်းချနိုင်မှသာ တစ်နေ့ရရှိမည့် လုပ်အားခပမာဏကို ပြည့်မီစွာရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထီလက်မှတ်တန်ဖိုးနှင့် ရောင်းဈေးနှုန်း အခြေအနေများကို ပြန်လည်လေ့လာပါက ကျပ် ၁၀၀ တန် ထီလက်မှတ်များ ထုတ်ဝေရောင်းချခဲ့စဉ်က ထီတစ်စောင်တန်ဖိုးသည် ပြင်ပပေါက်ဈေး ကျပ် ၂၀၀ ခန့်ထိ ရောင်းချခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၀၀ ရာခိုင်နှုန်းဈေးပိုမို ခဲ့ပါကြောင်း၊ ကျပ် ၂၀၀ တန် ထီလက်မှတ်များ ထုတ်ဝေရောင်းချခဲ့စဉ်က ထီတစ်စောင်တန်ဖိုးသည် ပြင်ပပေါက်ဈေး ကျပ် ၃၅၀ ခန့်ထိ ရောင်းချခဲ့သည်ကို တွေ့ရှိရသဖြင့် ၇၅ ရာခိုင်နှုန်းအထိ ဈေးပိုမိုခဲ့ပါကြောင်း၊ ယခု ကျပ် ၅၀၀ တန် ထီလက်မှတ်များ ထုတ်ဝေရောင်းချသည့် အချိန်တွင် ပြင်ပပေါက်ဈေး ကျပ် ၆၀၀၊ ၇၀၀ ခန့် ရောင်းချသည့်အတွက် ၄၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းပိုမိုလာသည့် အနေအထား ဖြစ်ပါကြောင်း၊ ယခုအခါ ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စတင်ရောင်းချပြီး မတ်လဆန်းတွင် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထီလက်မှတ်တစ်စောင် ရောင်းဈေးတန်ဖိုး တိုးမြှင့်လာသည်နှင့်အမျှ ချီးမြှင့်မည့်အမြင့်ဆုံးထီဆုမဲ ပမာဏကိုတိုးမြှင့်ပေးခြင်း၊ အခြားသော ထီဆုမဲအရေအတွက်များကို တိုးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူလူထုက အောင်ဘာလေထီအပေါ် စိတ်ပါဝင်စားမှု ပိုမိုမြှင့်တက်လာစေရန်အတွက် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ဈေးနှုန်းကြီးမြင့်မှုသည် နေ့တွက်လုပ်ခနှင့် ဆက်စပ်လျက်ရှိသည့် အတွက်ကြောင့် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီလက်မှတ်များ တိုးချဲ့ထုတ်ဝေတဲ့အချိန်မှာ လက်လီရောင်းချသူတစ်ဦးအနေဖြင့် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ ၅ အုပ်ရောင်းချရုံဖြင့်ရရှိမည့် ကော်မရှင်ခသည် နေ့တွက်လုပ်ခကျပ် ၅၀၀၀ နှင့်တူညီစွာ ရရှိမည်ဖြစ်ပါကြောင်း၊ အခြေခံလူတန်းစားဖြစ်သည့် ထီလက်လီရောင်းချသူများ၏ ထီစာအုပ်များရောင်းချမှုက ရရှိမည့်ကော်မရှင်ခသည် အခြေခံနေ့တွက်လုပ်ခကို ပြည့်မီကျော်လွန်မှု ရှိမှသာ ထီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ပြီး သတ်မှတ်သည့် တန်ဖိုးအတိုင်း ရောင်းချနိုင်မည် ဖြစ်ကြောင်းကိုလည်း သုံးသပ်တွေ့ရှိရပါကြောင်း၊ ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် လက်ကားဝယ်ယူ ဖြန့်ဖြူးမည့် ထီလုပ်ငန်းရှင်များ အားလုံးကို လစဉ်ပုံမှန် အစည်းအဝေးခေါ်ပြီး တိုက်ရိုက်ဝယ်ယူ ရောင်းချသူများအနေဖြင့် ထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် မိမိထီဆိုင်အမည်နှင့်ထပ်ပြီး ထပ်ဆင့်ရောင်းချသည့် ဆိုင်များကို ဈေးနှုန်းမြင့်မားမှုမရှိစေရန် ညှိနှိုင်းကြပ်မတ်ရန် ပင်ရင်းထီဆိုင်များမှ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချသည့် ထီအရောင်းကားများနှင့် လူစည်ကားရာနေရာများတွင် ရောင်းချပေးရန် စသည်တို့ကို ညှိနှိုင်းဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊
ထို့အပြင် ဈေးနှုန်းပိုမိုရောင်းချကြောင်း တိုင်ကြားခံရသည့် ထီဆိုင်များကို တိုင်ကြားချက်မှန်ကန်ကြောင်း စိစစ်တွေ့ရှိလျှင် ပင်ရင်းထီဆိုင်၏ ကြီးကြပ်မှုအားနည်သည်ဟု သတ်မှတ်ပြီး အဆိုပါ ပင်ရင်းထီဆိုင်ကိုလည်း တာဝန်ရှိစေပြီး ၎င်း၏ဝယ်ယူခွင့် အရေအတွက်ထဲမှ ထီဆိုင်ခွဲ၏ အရေအတွက်ကို ဝယ်ယူခွင့်ရပ်ဆိုင်းခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ဘာလေ ထီလက်မှတ်များကို လက်လီလက်ကား ဝယ်ယူရောင်းချသူများနှင့် တစ်ဦးချင်း ထီကံစမ်းလိုသူများ လွယ်ကူအဆင်ပြေစွာ ဈေးနှုန်းကြီးမြင့်မှုမရှိဘဲ ဝယ်ယူရရှိနိုင်ရေးအတွက် ထီဝယ်ယူသည့်လူများ ကြိုတင်မှာကြားသော အမှာစာအရ ရိုက်နှိပ်ရမည့် အက္ခရာလုံးရေအရေအတွက်အပြင် အရန်အနေဖြင့် ထီအက္ခရာတစ်လုံး အုပ်ရေ ၈၁၈၁၈ အုပ်ကို လစဉ်ထပ်ဆောင်း ရိုက်နှိပ်ဖြန့်ဖြူးလျက်ရှိပြီး ရန်ကုန်နှင့်မန္တလေးမြို့တွင်ရှိသည့် အောင်ဘာလေဌာနခွဲနှင့် ရုံးခွဲများတွင်လည်းကောင်း၊ မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံးအသီးသီးတွင်လည်းကောင်း ထီကံစမ်းလိုသူ ပြည်သူများအတွက် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါကြောင်း၊ လက်ရှိအောင်ဘာလေထီ ဖြန့်ဖြူးမှုစနစ်ကို ပြန်လည်သုံးသပ်လျက်ရှိပြီး အသစ်ထပ်မံ ထုတ်ဝေရောင်းချမည့် ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီလက်မှတ်များ ဖြန့်ဖြူးရောင်းချသည့် အချိန်တွင် ကြိုတင်မှာကြားချက်၊ ဈေးကွက်လိုအပ်ချက်များနှင့်အညီ ထီအက္ခရာလုံးရေကို မှာကြားရိုက်နှိပ်ဖြန့်ဖြူးပေးခြင်းအားဖြင့် ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက်ကို ဆက်လက်စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေး၊ ထီကံစမ်းလိုသူများ လိုသလောက်အလွယ်တကူ ဝယ်ယူကံစမ်းနိုင်ရေးနှင့် အောင်ဘာလေ ထီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက လက်ဝါးကြီးအုပ်ချုပ်ကိုင်မှု မပြုနိုင်စေရေးတို့အတွက် သတ်မှတ်ချက်နှင့်အညီ ကြိုတင်လျှောက်ထား၍ Deposit တင်သွင်းသည့် ထီလုပ်ငန်းရှင်များကို ဥပဒေနှင့်အညီ စာချုပ်ချုပ်ဆိုပြီး ရောင်းချခြင်း၊ စာချုပ်ပါစည်းကမ်းချက်များကို တိကျစွာလိုက်နာမှုမရှိသည့် ထီဝယ်ယူခွင့်လက်ကား လျှောက်ထားသူများနှင့် ဈေးနှုန်းတို့မြှင့် ရောင်းချသည့် လက်ကားဆိုင်ကြီးများ/ လက်ခွဲ/လက်လီ အရောင်းဆိုင်များကို မြို့နယ်များအလိုက် စိစစ်ဖော်ထုတ်ပြီး ထီစာအုပ်ဝယ်ယူခွင့် ပိတ်သိမ်းခြင်း၊ စပေါ်ငွေများသိမ်းယူခြင်းစသည့် စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အရေးယူကြပ်မတ်မှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
