မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ အကြိုအဖွဲ့ဝင်(Candidate)အနေနှင့်ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative (EITI)ဆိုသည့် သဘာဝသယံဇာတ တူးဖော် ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးဆောင်ရွက်နေသည့် အဖွဲ့ကြီး၏တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံတော်၏ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ထားသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၁၉-၁၀-၂၀၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကြီးကလည်း ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် အတည်ပြုပေးခဲ့သည့် အဆိုဖြစ်ပါကြောင်း၊ မိမိတင်ခဲ့သည့် အဆိုကို ပြန်ပြောရမည်ဆိုလျှင် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အကြိုအဖွဲ့ဝင်အနေနှင့် ဝင်ရောက်ခဲ့သည့် Extractive Industries Transparency Initiative (EITI) ဆိုသည့် သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်း မြင်သာမှုရှိရေး ဆောင်ရွက်နေသည့် အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတတူးဖော် ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာချပြပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ အလုံးစုံဝင်ရောက်နိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုဖြစ် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုအောင်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ရေတွက်လျှင် အချိန်အားဖြင့် ၁၄ လကျော်ကြာမြင့်ပြီဖြစ်သဖြင့် ပြည်ထောင်စုအစိုးရ အနေဖြင့် အဆိုနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးအတွင်းမှာ ယင်းအဆိုနှင့်ပတ်သက်ပြီး မိမိတို့ ရှင်းလင်းတင်ပြခဲ့စဉ်က နိုင်ငံ့ဝင်ငွေတွင် တွင်းထွက်သယံဇာတတူးဖော်ရေး ကဏ္ဍကပါဝင်မှုကို သိရှိစေရန်အတွက် ဘတ်ဂျက်ပွင့်လင်း မြင်သာမှုရှိစေရန် ရည်ရွယ်ထုတ်ဝေသော နိုင်ငံသားများအတွက် ဘတ်ဂျက် (Citizen’s Budget) စာစောင်တွင် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ရငွေ၊ သုံးငွေခန့်မှန်းခြေများကို ထည့်သွင်းဖော်ပြလျက် ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်ပိုင် သဘာဝသယံဇာတ တူးဖော် ထုတ်လုပ်ခြင်းမှရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြလျက်ရှိပြီး ထိုဝင်ငွေများကို ဘဏ္ဍာရေးစည်းမျဉ်းအရ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ သို့သာ အပြည့်အဝ ပေးသွင်းစေလျက် ရှိပါကြောင်း၊ SEE များ၏ OA စာရင်းများသည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အောက်တွင်သာ ရှိပါကြောင်း၊ UFA (OA) စာရင်းများကို ၎င်းတို့သဘောဖြင့် သုံးစွဲမှု မပြုရဘဲ Budget Law နှင့်အညီ သာသုံးစွဲရကြောင်း၊ နိုင်ငံတကာ EITI အဖွဲ့အစည်း၏ တင်းပြည့် အဖွဲ့ဝင်အဖြစ်နှင့် ဝင်ရောက်နိုင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ EITI အဖွဲ့ကိုဝင်ရောက်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ယခုအခါ မြန်မာနိုင်ငံသည် အဖွဲ့ဝင်လောင်း နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ၁-၁-၂၀၁၆ ရက်နေ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ရေနံနှင့်သဘာဓာတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့်ကျောက်မျက် ကဏ္ဍနှင့် အခြားသတ္တုကဏ္ဍက အခွန်ရငွေများကို စာရင်းတိုက်ဆိုင် စစ်ဆေးထားသည့် မြန်မာနိုင်ငံ EITI ၏ ပထမအကြိမ် အစီရင်ခံစာကို နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းနိုင်ခဲ့ပါကြောင်း၊ EITI ၏ ပထမအကြိမ်အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကိုလည်း ၁-၃-၂၀၁၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊
တစ်ဖန် ၃၀-၃-၂၀၁၈ ရက်နေ့တွင် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍ၊ ပုလဲကဏ္ဍပါဝင်သည့် အခြားသတ္တုကဏ္ဍမှ အခွန်ရငွေများကို စာရင်းတိုက်ဆိုင် စစ်ဆေးထားသော မြန်မာနိုင်ငံ EITI ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစီရင်ခံစာများကို နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးသို့ တင်သွင်းနိုင်ခဲ့ပါကြောင်း၊ သစ်တောကဏ္ဍအတွက် စာရင်းတိုက်ဆိုင် စစ်ဆေးရေး အစီရင်ခံစာကိုလည်း မြန်မာနိုင်ငံ၏ ၎င်းအစီရင်ခံစာများကို နောက်ဆက်တွဲ အစီရင်ခံစာအဖြစ် တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အစီရင်ခံစာတွင် ပထမအကြိမ်အစီရင်ခံစာမှာ ပါဝင်သည့်ကဏ္ဍများအပြင် ပုလဲကဏ္ဍနှင့် သစ်တောကဏ္ဍတို့ကို ထည့်သွင်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
၂၈-၆-၂၀၁၈ ရက်နေ့တွင် အဆိုပါအစီရင်ခံစာများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ မီဒီယာများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါကြောင်း၊ ထို့အပြင် အဆိုပါ ဒုတိယအကြိမ်နှင့်တတိယအကြိမ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ပြီး Report Launching Ceremony နှင့် Public Debate တို့ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အသီးသီးကျင်းပနိုင်ခဲ့ပါကြောင်း၊ အဆိုပါ အခမ်းအနားကို နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးမှ အမှုဆောင်အရာရှိ Mr. Eddie Rich လည်း တက်ရောက်ခဲ့ပါကြောင်း၊ အစိုးရသစ်လက်ထက် ၂၀၁၇ ခုနှစ် မတ်လမှ ယခုအချိန်အထိ MEITI ၊ Multi State Group-MSG သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့အစည်းအဝေး စုစုပေါင်း (၁၇) ကြိမ်ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပြီး နိုင်ငံတကာ EITI စံနှုန်းများနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
EITI လုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Units) များကို ဖွဲ့စည်းပေးခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊ EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို လေ့လာဆန်းစစ်ရန်အတွက် နိုင်ငံတကာ EITI အတွင်းရေးမှူးချုပ်ရုံးက ကနဦးအကဲဖြတ် လေ့လာဆန်းစစ်ရေး အဖွဲ့သည် ၈-၈-၂၀၁၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက် ခဲ့ပါကြောင်း၊ ကနဦးအကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ် (Validation Process) များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကနဦးအကဲဖြတ် ဆန်းစစ်ခြင်းရလဒ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (ယခုလ) တွင် ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ လုပ်ငန်းစဉ်များကို ကြည့်ပါက သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း ကဏ္ဍမှရရှိသော နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြနိုင်ရန် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊
နှစ်စဉ်ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ/အသုံး ဆိုင်ရာ ဥပဒေများတွင် ပြည်ထောင်စုဝန်ကြီး ဌာနအလိုက်ရငွေ၊ သုံးငွေများကို ပွင့်လင်းမြင်သာစွာ လေ့လာတွေ့ရှိနိုင်ပြီး တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှ နိုင်ငံတော်ကရရှိသော ဝင်ငွေများသည် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ရငွေများအဖြစ် ဝင်ရောက်ခြင်းဖြစ်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ အဆိုပါရငွေများကို နှစ်စဉ်ထုတ်ဝေသည့် Citizen’s Budget စာစောင်တွင်လည်းကောင်း၊ ဝန်ကြီးဌာန၏ Website တွင် လည်းကောင်း အများပြည်သူ သိရှိအောင် ဖော်ပြပေးလျက် ဖြစ်ပါကြောင်း၊
ထို့အပြင် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများ၏ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအခြားစာရင်းရှင် SEE Other Account (UFA OA) များ၏ သဘောသဘာဝနှင့် UFA (OA) သည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ စာရင်းတွင်ပါဝင်သည့် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခြင်း၊ နိုင်ငံပိုင် မီဒီယာများ၊ သတင်းစာများတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးပွဲများ၊ စီးပွားရေးစကားဝိုင်းများ ပြုလုပ်ခြင်းတို့ဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြလျက်ရှိပါကြောင်းနှင့် ထိုဝင်ငွေများသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ဝင်ရောက်ပြီး ဖြစ်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ Other Account (OA) စာရင်းများနှင့် ပတ်သက်ပြီး စာရင်းသဘောအရ လက်ကျန်ဖြစ်ပေါ်နေသည့် ငွေရပ်များကို မည်သို့ဆက်လက် ဆောင်ရွက်သင့်သည်ကို နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွင် ဆွေးနွေး သုံးသပ်လျက်ရှိပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဒေါ်သက်သက်ခိုင် (ဒဂုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ အခြားစာရင်း (Other Accounts) များမှ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ လွှဲပြောင်းသည့် အဝင်အထွက် စာရင်းများ၏ အသေးစိတ်စာရင်းများကို နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထုတ်ဝေသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ/အသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းလိုပါကြောင်း၊
ဒုတိယမေးခွန်းအနေဖြင့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ၏ အခြားစာရင်း (Other Accounts) များတွင် နောက်ဆုံးလက်ကျန် ရှိနေသည့်စာရင်းများကို ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၏ လက်ကျန်ရှင်းတမ်းအပါအဝင် ဘဏ္ဍာရေးရှင်းတမ်းများအား အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
မိမိတို့ SEE စုစုပေါင်းဆိုလျှင် ယခင်က ၄၀ ကျော်ရှိခဲ့သော်လည်း ယခု ၃၀ ကျော်ရှိပါကြောင်း၊ ၃၀ ကျော်တွင် အားလုံး OA စာရင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွင့်လှစ်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ ဘတ်ဂျက်ကို အဆိုတင်သည့် အချိန်တွင် OA စာရင်းများအပါအဝင် ဌာနတစ်ခုချင်းအလိုက်၊ လုပ်ငန်းတစ်ခုချင်းအလိုက် ဝင်/ထွက်စာရင်းများအား လွှတ်တော်ကို တင်ပြပါကြောင်း၊ တင်ပြပြီး ဘတ်ဂျက်အကောင်အထည် ဖော်ပါကြောင်း၊ ဖော်သည့်အခါ SEE များ၏ လုပ်ငန်းသဘော သဘာဝအရ တစ်နှစ်ပတ်လုံး နေ့စဉ်နှင့်အမျှ ဝင်ခြင်း/ထွက်ခြင်းများ ရှိပါကြောင်း၊ ယခုလိုရှိသည့်အခါ မိမိတို့နှစ်ပတ်လည် အစီရင်ခံစာတွင် အသေးစိတ်စာရင်းအားလုံးကို ထည့်သွင်းအစီရင်ခံ ရမည်ဆိုလျှင် အဆိုပါ အစီရင်ခံစာကြီးက အကြီးကြီး အများကြီးဖြစ်သွားမည့် အနေအထားရှိပါကြောင်း၊ မိမိတို့က နှစ်ပတ်လည်အစီရင်ခံစာကျလျှင် အဖွဲ့အစည်းတစ်ခုချင်းအလိုက် နှစ်ချုပ်စာရင်းများကို ယာယီအမှန်စာရင်းနှင့် ရှေ့ပြေးအမှန်စာရင်း ဆိုတာရှိပါကြောင်း၊ နောက်စာရင်း စစ်ဆေးပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက စစ်ဆေးပြီးသည့်အခါ အမှန်စာရင်းက နောက်ဆုံးဖြစ်သည့် အမှန်စာရင်းဖြစ်ပါကြောင်း၊ ၎င်းအမှန်စာရင်းများတွင် နှစ်ချုပ်စာရင်းအတိုင်း အတာနှင့်ညီမျှသည့် အစီရင်ခံလျက်ရှိပါကြောင်း၊
နောက်တစ်ခုက မြန်မာ့စီးပွားရေးဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများက ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အဆိုပါ ဘဏ္ဍာရေးရှင်းတမ်းများကို နှစ်ကုန်သည့်အခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (Volt of Director) အဖွဲ့ကို အစီရင်ခံ တင်ပြရပါကြောင်း၊ ၎င်းနေတွင် လည်း OA လက်ကျန်များ အပါအဝင် ဘဏ္ဍာရေးရှင်းတမ်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
