(ဆ)-လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေးရှိ တိန်းချောင်းကမ်းပါး ထပ်မံမပြိုကျနိုင်စေရေးအတွက် မြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဖြည်‌့စွက်ရန်ပုံငွေဖြင့် အရေးပေါ် တည်ဆောက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၂.၂၀၁၉)

 

ယခင် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတစ်ဝန်းလုံး မိုးရွာသွန်းမှုများပြားခဲ့သည့်အတွက် မြစ်ချောင်းများတွင် ကမ်းပါးပြိုမှု များစွာရှိခဲ့ပါကြောင်း၊ ၎င်းဖြစ်စဉ်တွင် ပါဝင်သည့် လင်းခေးမြို့နယ်နားကုန်း ကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေး တိန်းချောင်းကမ်းပါး ပြိုကျမှုအခြေအနေတွင် အဆိုပါ ဘုန်းကြီးကျောင်းနှင့် ပေ ၃၀ ခန့်အကွာကို ရောက်ရှိလာပြီ ဖြစ်ပါကြောင်း၊ ရွာသည် အိမ်ခြေအားဖြင့် ၈၀ ခန့်သာ ရှိပါကြောင်း၊ မိမိတို့ ထိန်းသိမ်းရန် အလွန်အခက်အခဲ ရှိနေကြပါကြောင်း၊ သက်ဆိုင်ရာက မိမိတို့ကို အကူအညီပေးပါဟု တင်ပြလာပါကြောင်း၊ ယခုလက်ရှိရွာက  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ၎င်းကမ်းပါးကိုထိန်းရန် ကျောက်များ၊ မျောတိုင်များ စုဆောင်းထားပါကြောင်း၊

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးမြို့နယ် နားကုန်းကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံဘေးရှိ တိန်းချောင်းကမ်းပါး ထပ်မံမပြိုကျစေနိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသော ကမ်းထိန်းနံရံကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည်‌့စွက်ရန်ပုံငွေဖြင့် အရေးပေါ် တည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒေသ (၁၂) ရှမ်းပြည်နယ်ရုံးအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ မြစ်/ချောင်းများတွင် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ၊ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများနှင့် ရေလွှမ်းမိုးမှု၊ ရေကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းများကို ခွင့်ပြုရရှိသည်‌့ ရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံဘေးရှိတိန်းချောင်းကမ်းပါး အခြေအနေကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ကွင်းဆင်းတိုင်းတာ စိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

တိန်းချောင်းကမ်းပါး ကာကွယ်ရေးအတွက် Steel Basket များအတွင်း ကျောက်ကြီးစီ၍ မြေထိန်း နံရံအလျားပေ ၈၅၀ နှင့် ကျောက်ကြီးများဖြင့် အခြေထိန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်း ၃၂၀ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသ (၁၂) ရှမ်းပြည်နယ်ရုံးမှ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသော ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ပြုစု၍ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်ရန်ရှိသော ဦးစားပေးလုပ်ငန်း ၃၉ ခုအနက် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ ခုံအွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး တိန်းချောင်းရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းတွင် အမှတ်စဉ် (၂၅) တွင် ရှိပါကြောင်း၊ အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၃၉ ခုအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြည်‌့စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံထားခြင်း မရှိပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် ဦးစားပေးအမှတ်စဉ် ၁ မှ အမှတ်စဉ် (၁၁) အထိသာ ရန်ပုံငွေလျာထား တင်ပြတောင်းခံ ထားပါကြောင်းနှင့် ခွင့်ပြုရန်ပုံငွေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ဖြေကြားပါသည်။

ဦးစိုင်းဘသိန်း (လင်းခေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၉-၂၀ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ဆောင်ပေးမည်ဟု ပြောကြားပါကြောင်း၊ စီမံကိန်းအမှတ်စဉ် ၂၅ တွင်ပါဝင်သည်ဟု အစောပိုင်းကလည်း ကြားသိရပါကြောင်း၊ ယခု ဝန်ကြီးဖြေကြားသွားသည်က ၂၀၁၉-၂၀ တွင် ၎င်းစီမံကိန်းအမှတ်စဉ် ၂၅ ပါဝင်ပါသလား၊ ၎င်းအတိုင်းထားပါက နောင်နှစ်တွင် ဘုန်းတော်ကြီးကျောင်းက ရှိလာနိုင်ပါ့မလားဆိုသည့် အတွေးများဖြင့် အလွန်စိတ်ပူ နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးအနေဖြင့် ဖြစ်နိုင်လျှင် ၂၀၁၈-၁၉ တွင် မဖြစ်နိုင်ပါက ၂၀၁၉-၂၀ တွင် အမှန်တကယ် လုပ်ဆောင်ပေး နိုင်ရန်အတွက် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ဘုန်းတော်ကြီးကျောင်းက ရေစပ်နှင့်နီးကပ်နေသည်ကို သိရှိပါကြောင်း၊ သို့သော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ရန်အတွက် ကွင်းဆင်း တိုင်းတာစိစစ်ပြီး ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းပမာဏနှင့် လိုအပ်သောရန်ပုံငွေတို့ကို တွက်ချက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရကို တင်ပြရပါကြောင်း၊ တိုင်းတာစစ်ဆေးသည့်အခါ အထက်တွင် တင်ပြသွားသော ဦးစားပေးအစီအစဉ် ရေးဆွဲရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစီအစဉ်ဖြင့် ဆုံးဖြတ်ရပါကြောင်း၊ သို့သော် မိမိတို့ကျွမ်းကျင်သည့် ဌာနတစ်ခုအနေဖြင့် ဦးစားပေး သတ်မှတ်ရာတွင် အမှတ်ပေးစနစ်ဖြင့် တင်ပြရပါကြောင်း၊ အားလုံးပေါင်း အချက် ၁၁ ချက် ရှိပါကြောင်း၊ လူနေအိမ်များ၊ အစိုးရအဆောင်များ၊ သာသနိကအဆောင်များနှင့် အဆောက်အဦများနှင့် နီးကပ်ခြင်းဆိုသည့် အချက်လည်း အမှတ်ပေးသည့် စာရင်းထဲတွင် ပါရှိပါကြောင်း၊ သာသနိက အဆောက်အဦများနှင့် နီးကပ်ခြင်းဆိုသည်မှာ မည်မျှနီးကပ်သည့်အပေါ် မူတည်ပြီး ပိုမိုနီးကပ်သော အဆောက်အဦများအတွက် ဦးစားပေးအမှတ်ပိုမိုပေးသည့် အနေအထားရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ရန်ပုံငွေချထားပေးခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုပိုင်း ဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာသာ ပံ့ပိုးကူညီပေးခြင်း ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀ တွင် ၁ မှ ၁၁ အထိ ပါရှိသည့်အတွက် အဆိုပါဘုန်းတော်ကြီးကျောင်းသည် အမှတ်စဉ် (၂၅) တွင်ရှိသည့်အတွက် မပါရှိသေးပါကြောင်း၊ မိမိအနေဖြင့် အကြံပြုလိုသည်မှာ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ၎င်းဘုန်းတော်ကြီးကျောင်း၏ အခြေအနေကို ထပ်မံတင်ပြပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ဦးစားပေးအစီအစဉ်ကို ပြန်လည်စိစစ်သုံးသပ်ပြီး စဉ်းစားပေးပါက ဖြစ်နိုင်ချေရှိမည်ဟု ထင်မြင်ပါကြောင်း၊ ရန်ပုံငွေကို ပြည်နယ်အစိုးရအဖွဲ့က ဆုံးဖြတ်ခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် လိုအပ်သောနည်းပညာ အကူအညီအထောက်အပံ့ များကို ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။