(င)-ဆီဆိုင်မြို့နယ်ရှိ ပုံလောင်းရွာလမ်းခွဲမှ နောင်ထော်ကျေးရွာထိ ၁၁ မိုင် ၆ ဖာလုံလမ်းအား လမ်းဧရိယာပုခုံးချဲ့ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ စံကိုက်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၁.၁.၂၀၁၉)

 

(င)-ဆီဆိုင်မြို့နယ်ရှိ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ကျောကျေးရွာအုပ်စု၊ အရှေ့ခြမ်း ရွာပေါင်း ၄၁ ရွာ အဓိကအားထားသွားလာလျက်ရှိသည်‌့ ပုံလောင်းရွာလမ်းခွဲမှ နောင်ထော်ကျေးရွာထိ ၁၁ မိုင် ၆ ဖာလုံလမ်းအား လမ်းဧရိယာပုခုံးချဲ့ခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ စံကိုက်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သည် မြို့ပေါ် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုဖြင့် ဖွဲ့စည်းထားပါကြောင်း၊  တောင်ရှေ့ ကျေးရွာအုပ်စုသည် ရွာပေါင်း ၂၇ ရွာ ပါရှိပြီး လူဦးရေ ၁၃၆၀၀ ကျော် နေထိုင်သော ကျေးရွာအုပ်စုတစ်ခု ဖြစ်ပါကြောင်း၊  အရှေ့ဘက်ခြမ်းတွင် မောက်မယ်မြို့နယ် တောင်ဘက်ခြမ်းက ဓူးကြီးကျေးရွာအုပ်စုနှင့် အွန်ချောင်းက ပိုင်းခြားထားပြီး တောင်ဘက်တွင် ကယားပြည်နယ်နှင့် နမ့်သဘက်ချောင်းက ပိုင်းခြားထားသော နယ်မြေဒေသ ဖြစ်ပါကြောင်း၊ ၎င်းဒေသသည် တောင်တန်းကြီးများ၊ လျှိုမြောင်များ ထူထပ်စွာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ယခင်ဆယ်စုနှစ်များစွာတွင် စစ်ဘေးစစ်ဒဏ်ကို ဒုက္ခများစွာ ခံစားခဲ့ကြရသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝနိမ်‌့ကျစွာ ခံခဲ့ရသောဒေသ ဖြစ်ပါကြောင်း၊

ယခုအခါ နယ်မြေအေးချမ်းနေပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနောက်ကျနေခြင်း ဖြစ်ပါကြောင်း၊ တောင်ရှေ့ကျေးရွာ အုပ်စုတွင် နောင်ထော်ကျေးရွာဆိုလျှင် အိမ်ခြေ ၇၀၀ ခန့် ရှိပြီး ဆီဆိုင်မြို့နှင့် ၁၇ မိုင်ခန့် ကွာဝေးပါကြောင်း၊ ရှမ်း၊ ပအိုဝ်း၊ မြန်မာ၊ ကရင်၊ ကယား၊ ကရန်းလူမျိုးများ စုပေါင်းနေထိုင် တည်ရှိခြင်းကြောင့် အ.ထ.က ကျောင်း တစ်ကျောင်း၊ မကြာမီ တိုက်နယ်ဆေးရုံလည်း ဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်တွင် အကြီးဆုံးသော သဘာဝ‌ရေခံအရင်းအမြစ်နှင့် ပေ ၄၀၀၀ ခန့် သဘာဝလိုဏ်ဂူတစ်ခု တည်ရှိပြီး ပွန်ချောင်းနှင့် နမ့်သဘက်ချောင်း ပေါင်းစုံရာ နေရာဒေသလည်း ဖြစ်ပါကြောင်း၊ နောင်ထော်ကျေးရွာ ပတ်ဝန်းကျင်တွင် တောင်ရှေ့ကျေးရွာ အုပ်စုမှ ရွာများ လူဦးရေ ၆၀၀၀ ခန့်နှင့် နောင်ကျောကျေးရွာ အရှေ့ခြမ်းရွာပေါင်း ၉ ရွာမှ လူဦးရေ ၃၀၀၀ ကျော်ခန့်အပြင် မောက်မယ်မြို့နယ်တောင်ခြမ်း ကဓူးကြီးကျေးရွာအုပ်စုမှ ရွာပေါင်း ၁၆ ရွာ လူဦးရေ ၃၅၀၀ ခန့် ကလည်း အဓိကကူးလူး သွားလာလျက် ရှိခြင်းကြောင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အရှည်ပေ ၂၀၀ ရှိ ကွန်ချောင်းသံကူ ကွန်ကရစ်တံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

၎င်းနောင်ထော် ကျေးရွာသည် တောင်ငူ၊ လွိုင်ကော်၊ ဟိုပုန်းပြည်ထောင်စုလမ်းမ ပုံးလောင်း ကျေးရွာလမ်းခွဲမှ ၁၁ မိုင် ၆ ဖာလုံကွာဝေးပြီး ၁၉၉၈ ခုနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ၁၀ ပေအကျယ် ကတ္တရာလမ်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ နယ်မြေဒေသ တည်ငြိမ်အေးချမ်းလာခြင်း၊ စက်တပ်ယာဉ်များ အသုံးပြုမှု များပြားလာခြင်း၊ လမ်းဖောက်လုပ်စဉ် ကာလက ယန္တရားအသုံးပြုမှု နည်းပါးခြင်းနှင့် နှစ်ပေါင်းများစွာ ကြာလှခြင်းတို့ကြောင့် လမ်းများပျက်စီးစေခြင်း ဖြစ်သည်‌့အပြင် လမ်းဘေးဝဲယာဧရိယာ ပခုံးကျဉ်းမြောင်းလွန်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်း ထူထပ်ခြင်းတို့ကြောင့် နေ့စဉ်သွားလာမှု များပြားသော ပြည်သူများအတွက် မကြာခဏ အန္တရာယ်ဖြစ်နေကြောင်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ကျော ကျေးရွာအုပ်စု၊ အရှေ့ခြမ်းရွာပေါင်း ၄၁ ရွာနှင့် မောက်မယ်မြို့နယ် တောင်ဘက်ခြမ်း ကဓူးကြီး ကျေးရွာအုပ်စုမှလည်း အဓိက ကူးလူးသွားလာလျက်ရှိသော ပုံလောင်းရွာလမ်းခွဲမှ နောင်ထော်ကျေးရွာအထိ ၁၁ မိုင် ၆ ဖာလုံလမ်းအား လမ်းဧရိယာပခုံးချဲ့ခြင်း၊ ရေနုတ်‌မြောင်းများ တူးဖော်ခြင်း၊ စံကိုက်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ပါရန်အတွက် မဲဆန္ဒရှင်ပြည်သူများက မကြာခဏ တင်ပြ‌ပြောဆိုလာသဖြင့် မည်သည်‌့ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပုံလောင်း- နောင်ထော်လမ်းသည် ဟိုပုံး- ဆီဆိုင်- လွိုင်ကော်(ပြည်ထောင်စုလမ်းမကြီး)မှ ခွဲထွက် လာသည့် လမ်းဖြစ်ပါကြောင်း၊ အရှည် ၁၀ ပေ အကျယ်ရှိပြီး ၁၁/၆ မိုင်ရှည်လျားသော ကတ္တရာ လမ်းဟောင်း ဖြစ်ပါကြောင်း၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုရှိ ရွာပေါင်း ၄၁ ရွာ အသုံးပြုပြီး အကျိုးပြုလျက်ရှိပါကြောင်း၊ ပုံလောင်း- နောင်ထော်လမ်း ၁၁/၆ မိုင်နှင့် စပ်လျဉ်းပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၁၉၉၄-၉၅ မှ ၁၉၉၅-၉၆ ဘဏ္ဍာရေးနှစ်များတွင် ၁၁/၆ မိုင် ကျောက်ခင်းခြင်း၊ ၂၀၀၁-၀၂ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ၂၀၀၃-၀၄ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ် လူမျိုး ပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ (နောင်ထော်) မှ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပံ့ပိုးကတ္တရာ ၁၂၅ တန်ဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင် ထိန်းသိမ်းခြင်း ၃/၀ မိုင်ကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

လက်ရှိလမ်းအနေအထားသည် ကတ္တရာခင်း ၁၀ ပေသာရှိသည့်အတွက် လမ်းကျဉ်းပါကြောင်း၊ လမ်းကျဉ်းသည့်အတွက် ယာဉ်တစ်စီးနှင့် တစ်စီးရှောင်တိမ်းရန်ခက်ခဲပြီး ဝဲ/ယာ ၄ ပေခန့် ကတ္တရာ လမ်းချဲ့ရန်နှင့် ၅ ပေ Box Culvert ၅ စင်းခန့်လိုအပ်ကြောင်းသိရှိရပြီး လက်ရှိဘဏ္ဍာရေးနှစ် နှုန်းထားများအရ ငွေကျပ် ၆၇၉.၄၃၅ သန်း ကုန်ကျနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ပုံလောင်း- နော်ထော်လမ်း ၁၁/၆ မိုင်ကို စံကိုက်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က အမှန်တကယ် လိုအပ်မှု ရှိ/မရှိ အသေးစိတ်ကွင်းဆင်း လေ့လာတင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်ချက်နှင့် ဖြစ်နိုင်ခြေအပေါ်ဆန်းစစ်ပြီး ဦးစားပေးအလိုက် ရန်ပုံငွေစိစစ်ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၏ အနီးစပ်ဆုံး ပြည်ထောင်စုဘတ်ဂျက်တွင် ရန်ပုံငွေဝင်ဆံ့မှုအပေါ်မူတည်၍ အပိုင်းလိုက် ထည်‌့သွင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။