(င)-တရားရုံးများတွင် အမှုပွဲစားများပပျောက်ရေးကို မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃၀.၁.၂၀၁၉)

 

မိမိတို့ မြန်မာ့လူမှုရေးနယ်ပယ်တွင် ပွဲစားဆိုသည်မှာ သမာအာဇီဝလုပ်ငန်း တစ်ရပ်ဖြစ်ပါသော်လည်း (Tout) ခေါ်သည့် အမှုပွဲစားများမှာ သမာအာဇီဝလုပ်ငန်း မဟုတ်ပါကြောင်း၊ ဥပဒေနှင့်ညီသည့် လုပ်ငန်းတစ်ရပ်သာဖြစ်ပြီး အမှုပွဲစားများသည် အမှုဆွယ်ပေးသူ လာဘ်ပေးလာဘ်ယူ ပြုလုပ်ပေးသူသာ ဖြစ်ပါကြောင်း၊ တရားဥပဒေက အမှုပွဲစားများကို အတိအလင်း တားမြစ်ထားပါကြောင်း၊ ရှေ့နေလိုက်သူများ ဥပဒေပုဒ်မ ၃၆ တွင် အမှုပွဲစားဟု ကြေညာခံရသူများသည် တရားရုံးအဆင့်ဆင့်သို့ ဝင်ထွက်ခွင့်မရှိကြောင်း၊ အမှုပွဲစားဟု ကြေညာသင့်သူများကို တရားရုံးများတွင် အမည်စာရင်း ကြေညာနိုင်ကြောင်း၊ အမှုပွဲစားဟု ကြေညာခံရသူများအား ထောင်ဒဏ်သုံးလ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊

ယနေ့အချိန်အထိ တရားရုံးများတွင် အမှုပွဲစားအဖြစ် ကြေညာထားခြင်း၊ အမှုပွဲစားများကို အရေးယူခြင်းမျိုး မတွေ့ရပါကြောင်း၊ ထို့ကြောင့် အမှုပွဲစားမရှိလို့လားဟု မေးစရာရှိပါကြောင်း၊ သို့သော်လည်း အမှုပွဲစားများ၊ တချို့တရားသူကြီးများ၊ တချို့ဥပဒေအရာရှိများ၊ တချို့ရဲဝန်ထမ်းများ၊ တချို့ရှေ့နေများနှင့် ပေါင်းပြီး အမှုပွဲစားအလုပ်ကို တရားရုံးများတွင် ဝင်ထွက်သွားလာ၍ ပြောင်ပြောင်တင်းတင်း လုပ်နေ၍သာ ဖြစ်ပါကြောင်း၊ အမှုပွဲစားများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ အကျင့်သိက္ခာနှင့်ပြည့်စုံသည့် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ပြည်သူ့ရဲများ၏ ဂုဏ်သိက္ခာကို လက်ညှိုးထိုးပြီး ရောင်းစားနေကြသူများသည် ဤအမှုပွဲစားများဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားရုံးများတွင် အမှုပွဲစားများပပျောက်ရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှေ့နေလိုက်ပါသူများ အက်ဥပဒေ (Legal Practitioners Act) ပုဒ်မ ၃ တွင် အမှုပွဲစား (Tout) ဆိုသည်မှာ (က) ရှေ့နေတစ်ဦးဦးထံမှ အခကြေးငွေ၊ အဖိုးစားနား ရရှိရန် ရှေ့နေ၏ တရားဥပဒေရေးရာ လုပ်ငန်းအတွက် အမှုရှာပေးသူ သို့တည်းမဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးထံမှ အခကြေးငွေ၊ အဖိုးစားနားရယူ၍ အမှုရှာပေးရန်ရှေ့နေကိုဖြစ်စေ၊ ရှေ့နေလုပ်ငန်း အတွက် အမှုရရှိရန် စိတ်ဝင်စားသူကိုဖြစ်စေ ကမ်းလှမ်းအဆိုပြုသူ၊ သို့တည်းမဟုတ်။ (ခ) တရားမ သို့မဟုတ် ရာဇဝတ်တရားရုံး အနီးအနားတွင်ဖြစ်စေ၊ အခွန်ရုံးအနီးအနားတွင်ဖြစ်စေ အမှုရရှိရေးအတွက် မကြာခဏ လှုပ်ရှားသွားလာနေခြင်း၊ ဘူတာရုံ၊ သ‌င်္ဘောဆိပ်၊ တည်းခိုခန်းနှင့် အများပြည်သူ အပန်းဖြေသည့် နေရာများတွင် အမှုရရှိရေးအတွက် မကြာခဏသွားလာနေခြင်း ပြုသူတို့ကိုဆိုလိုကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်အရ အမှုပွဲစားများသည် အမှုရရှိအောင် ဆောင်ရွက်သူ၊ အမှုရှာသူများဖြစ်ပြီး ၎င်းတို့သည် တရားရုံးပတ်ဝန်းကျင်တွင်သာမက လူအများ သွားလာသည့် နေရာတိုင်းတွင် လှုပ်ရှားသွားလာလေ့ရှိကြောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း ဖြစ်ပါကြောင်း၊

တရားရုံးများတွင် အမှုပွဲစားများအဖြစ် ဆောင်ရွက်နေသူများသည် တရားရုံးအသီးသီးသို့ တရားစွဲတင်ပို့လာကြသော ရာဇဝတ်ကြောင်းဆိုင်ရာအမှုများ၊ တရားမကြောင်းအရ စွဲဆိုသောအမှုများတွင် အမှုအစအဆုံး အဆင်ပြေစွာဆောင်ရွက်ပေးရေးနှင့် အမှုအနိုင်ရရှိရေးအတွက် တရားသူကြီးနှင့် နီးစပ်မှု ရယူပြီး ၎င်းတို့ပွဲစားအဖြစ် ဆောင်ရွက်နေသည့်အမှုများကို တရားရုံးက ဦးစားပေးဆောင်ရွက်စေခြင်း၊ အနိုင်ရအောင် ဆောင်ရွက်ပေးစေခြင်း၊ ရှုံးနိမ့်ခြေရှိလာလျှင် နည်းမျိုးစုံဖြင့် အမှုကြန့်ကြာအောင် ဆောင်ရွက်ခြင်း၊ မမှန်မကန်တိုင်ကြားစေခြင်း စသည့် နည်းလမ်းများသုံးပြီး ဆောင်ရွက်နေကြ ကြောင်းလည်း သိရှိရပါကြောင်း၊ ထိုသို့ အမှုပွဲစားများက မမှန်မကန်ဆောင်ရွက်မှုများတွင် တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများသည် ပူးပေါင်းပါဝင်မှု၊ အားပေးကူညီမှု လုံးဝမရှိစေရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်နှင့် ခရိုင်/မြို့နယ် တရားရုံးအားလုံးသို့ ၂၆-၂-၂၀၀၄ ရက်စွဲပါစာအမှတ်၊ ၁၀၁၃/စု-၁၂/၅၂/၂၀၀၄ ဖြင့် သတိပေးထားပြီးဖြစ်ပါကြောင်း၊

ထို့အပြင် အမှုပွဲစားများအား ဖော်ထုတ်အရေးယူရန်ကိစ္စကိုလည်း အများပြည်သူသိရှိစေရန် ကြေညာချက် ထုတ်ပြန်၍ တရားရုံးတိုင်းရှိ ကြော်ငြာသင်ပုန်းတွင် မြင်သာထင်သာအောင် ကပ်ထားရန်၊ ထိုကြေညာချက်အရ မမှန်မကန်လုပ်ဆောင်မှုမျိုး ဖော်ထုတ်တွေ့ရှိလျှင် တရားသူကြီးများက ထိုသူကို ထိရောက်စွာ အရေးယူရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေဖြင့် ၂၆-၂-၂၀၁၄ ရက်စွဲပါစာတွင် ထပ်မံညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ တရားရုံးအသီးသီးတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများအနက် နယ်စားရှေ့နေဟုဆိုသည့် ရှေ့နေအချို့ တရားရုံးအရာထမ်း၊ အမှုထမ်းများနှင့် နီးစပ်မှုရယူပြီး ၎င်းတို့လိုက်ပါဆောင်ရွက်နေသည့် အမှုများကို တရားရုံးက ဦးစားပေး ဆောင်ရွက်စေခြင်း၊ အနိုင်ရရှိအောင် ဆောင်ရွက်စေခြင်း၊ ရှုံးနိမ့်ခြေရှိလာလျှင် နည်းမျိုးစုံဖြင့် အချိန်ဆွဲနေခြင်းစသည်တို့ကို ပြုလုပ်ခြင်းဖြင့် တစ်ဖက်အမှုသည်ကို စိတ်ဓာတ်ကျဆင်းအောင် ဆောင်ရွက်မှုများ ရှိနေကြောင်းဖြင့် စွပ်စွဲတိုင်ကြားမှုများရှိခဲ့သဖြင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် နေကြသူများသည် ရိုးသားတည်ကြည်စွာ ဆောင်ရွက်နေကြသော တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသော မမှန်မကန်လုပ်ဆောင်မှုမျိုး မပြုလုပ်မိကြစေရန်၊ မိမိတို့ကိုယ်တိုင် မည်သည်‌့ရှေ့နေကိုငှားပါဟူ၍ လမ်းညွှန်မှုမပြုရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၁-၅-၁၉၉၂ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၁၉၉၂) ကို ထုတ်ပြန်ပြီး သတိပေးအကြောင်းကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုညွှန်ကြားချက်ကို တရားရုံးတိုင်းရှိ ကြော်ငြာသင်ပုန်းတွင် အများပြည်သူသိရှိအောင် ကပ်ထားရန်လည်း ညွှန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

တရားရုံးများတွင် အမှုပွဲစားများ ကျက်စားလေ့ရှိခြင်းကြောင့် တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှု မရှိစေရန်အလို့ငှာ ၎င်းတို့၏ မမှန်ကန်သောလုပ်ရပ်များကို ဖော်ထုတ်အရေးယူရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တရားရုံးများတွင် ကျင်လည်ကျက်စားနေသော အမှုပွဲစားများ၊ နယ်စားရှေ့နေများကိစ္စ ဖော်ထုတ်အရေးယူရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ယခင်ကတည်းက ညွှန်ကြားချက်၊ ကြေညာချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း နှင့် အကြောင်းအမျိုးမျိုးဖြင့် တရားရုံးကို ဆက်နွှယ်ရောက်ရှိ လာကြသူကလည်း အမှုပွဲစား၊ နယ်စားရှေ့နေဆိုသူများနှင့် စပ်လျဉ်း၍ တရားရုံးသို့ ဖော်ထုတ်တင်ပြ တိုင်ကြားနိုင်ကြပါကြောင်း၊ တရားရုံးမှ လက်ခံကျေနပ်ဖွယ်ရာ သက်သေထင်ရှားရှိကြောင်း စုံစမ်းတွေ့ရှိပါက အဆိုပါသူ၏အမည်ကို အမှုပွဲစားအမည်စာရင်း ထည်‌့သွင်းခြင်း၊ ထုတ်ပြန်ကြေညာခြင်းနှင့် ဥပ‌ဒေအရ အရေးယူခြင်းများကို ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။