၆-၂-၂၀၁၈ ရက်နေ့က ပျော်ဘွယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက Right to Recall နဲ့ပတ်သက်ပြီးတော့မှ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လာရောက်ဖြေကြားခဲ့ပါကြောင်း၊ ၎င်း၏ဖြေကြားချက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်များနှင့် ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းဆိုပြီး ပါရှိပါကြောင်း၊ တဖန်လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆက်စပ်မေးခွန်း အနေဖြင့် ၎င်းဥပဒေကို မည်သည့်အချိန်၊ မည်သည့်ကာလတွင် တင်ပြနိုင်မည်နည်းဟု မေးမြန်းသည့်အခါ ဦးအောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်းဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ လက်ရှိ သမ္မတကြီး ဦးဝင်းမြင့်ကလည်း ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ဖြည့်စွက်ပြောကြားရာတွင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆိုင်းငံ့ခဲ့သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဆိုသည့် အခြေခံမူ မပျောက်ရအောင် ၎င်းအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို အဆိုပါဥပဒေရေးဆွဲရန် အကြောင်းကြား ခဲ့ပါကြောင်း၊ Rule by Law မှ Rule of Law ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ပေးရန် အသိပေးကြောင်း စသည်ဖြင့် မိန့်မှာခဲ့ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ (က) တွင် ပါသည့်အတိုင်း လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းကို စနစ်တကျစီစဉ် ဆောင်ရွက်နိုင်သည့်အချက် (၅) ချက် ဖော်ပြထားပါကြောင်း၊ ၎င်းတို့မှာ (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့် သိက္ခာပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းအချက်များထဲက တစ်ခုခုနှင့်ကိုက်ညီလျှင် လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းလိုလျှင်လည်း မဲဆန္ဒရှင် ပြည်သူ တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြနိုင်ပါကြောင်း၊ တင်ပြစာကို လက်ခံရရှိလျှင် ကော်မရှင်နှင့် စွပ်စွဲခံရသူကိုယ်စားလှယ်တို့က ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စများကို ပုဒ်မခွဲ (ခ) မှ (င) အထိ ဖော်ပြထားပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ ၎င်းဥပဒေကို ပြဋ္ဌာန်းနိုင်ပြီး ကျင့်သုံးနိုင်မှသာလျှင် အခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ (ခ) တွင် ပါဝင်သကဲ့သို့ သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဆိုသည့် အချက်ကို အကောင်အထည်ဖော်၍ ရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူတစ်ယောက် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ခွင့်ရှိသကဲ့သို့ ဥပဒေနှင့်အညီ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခွင့်ကိုလည်း ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ Mother Law ဖြစ်သည့် အခြေခံဥပဒေတွင် ဘယ်လိုပဲဆိုထားသော်လည်း Implementation လုပ်မည့် ဥပဒေမရှိသည့်အတွက် နိုင်ငံသားများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော နိုင်ငံသားအခွင့်အရေးကို အပြည့်အဝမရရှိသေးဘူးဟု အဓိပ္ပာယ်ကောက်ယူ နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနိုင်မည့် Right to Recall ဥပဒေကြမ်းကို အခြေခံဥပဒေ ကော်မရှင်က ရေးဆွဲပြီးကြောင်းကို ၆-၂-၂၀၁၈ ရက်နေ့က ဖြေကြားပေးခဲ့သော်လည်း ယနေ့ ၁၁ လ ကြာသည့်အချိန်အထိ လွှတ်တော်ကိုတင်သွင်းနိုင်ခြင်း မရှိသေးခြင်းမှာ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေရခြင်း၊ မည်သည့်ရက်တွင် လွှတ်တော်ကို ဥပဒေကြမ်း တင်ပြမည်ဆိုခြင်းများကို ဖြေကြားပေးနိုင်ရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ ကြယ်ပွင့်ပြမေးခွန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Right to Recall ဥပဒေကို မည်သည့်အချိန်တွင် လွှတ်တော်သို့တင်မည်။ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြန့်ကြာနေရသည်ကို သိရှိလိုခြင်းဆိုပြီး ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ရုံးက ၇-၈-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၁/ပသ(စ ၁)၃/၂၀၁၈ (၁-၉)၁၂ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ မေးမြန်းစာတစ်စောင် ပေးပို့ခဲ့ပါသည်။ ယင်းစာတွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၆-၂-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်မှ လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ကတိဖြစ်ခဲ့သောကိစ္စဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဆောင်ရွက်ထားရှိမှုအား ပြန်ကြားပေးပါရန် လမ်းညွှန်မှုအရ ပေးပို့အပ်ပါသည် ဟူ၍ ဖော်ပြပါရှိ ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဖြေကြားခဲ့ သည်မှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ ဦးအောင်မြင့်၏ ဖြေကြားချက် အောက်ဆုံးအပိုဒ်တွင် သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်များနှင့် ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် လွှတ်တော်မှအတည်ပြု ပြဋ္ဌာန်းပြီးပါက ၎င်းဥပဒေနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်ဟူ၍ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၇-၈-၂၀၁၂ နေ့စွဲပါ စာအမှတ်၊ ၃၈/စမ - စည်း(၂)/ကမရ၊ နောက်ထပ်ပြီး ၂၈-၈-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၃၈/စမ - စည်း(၂)(၂)/ကမရနှင့် ၃-၇-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃၈/စမ စည်း (၂) (၂၄)/ ကမရ တို့ဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့ခဲ့ပါကြောင်း၊ ထိုသို့ပေးပို့ခဲ့သည့်အပေါ် ပြည်ထောင်စုလွှတ်တော်သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၁-၇-၂၀၁၅ ရက်နေ့နှင့် ၂၃-၇-၂၀၁၅ ရက်နေ့များတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များက လိုအပ်သည်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးသော်လည်း ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်သည်အထိ ဆောင်ရွက်ခြင်းမပြုနိုင်ဘဲ ဖြစ်နေသဖြင့် ယင်းဥပဒေကြမ်းကို ဆောလျင်စွာ အတည်ပြုပြဋ္ဌာန်း ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၁၃-၈-၂၀၁၅ ရက်စွဲပါစာအမှတ် ၃၈/စမ စည်း(၂) (၂၉)/ကမရဖြင့် ထပ်မံတင်ပြခဲ့ပါကြောင်း၊
အဆိုပါ တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ရုံးက ၂၁-၈-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၆/၁၂/၉ (၁၂၀)/ပထစ - ၂၀၁၅ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံသို့ အကြောင်း ပြန်ကြားခဲ့ရာတွင် စာပိုဒ် (၂) ၌ အထက်ပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၁၈-၈-၂၀၁၅ ရက်နေ့တွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း၊ ၁၉-၈-၂၀၁၅ ရက်နေ့တွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်ဟူ၍ ဖော်ပြထားပါ သည်။ အဆိုပါစာ၏ စာမျက်နှာ စာပိုဒ် (၃) ၌ ဆက်လက်၍ ၂၀-၈-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ် သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး သတ္တမနှင့်အဋ္ဌမ မြောက်နေ့များ၌ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးပြီး လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြု ပြဋ္ဌာန်းနိုင် ရေးအတွက် ဆက်လက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားရန်အဆိုကို လွှတ်တော်၏ဆန္ဒရယူခဲ့ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၅၃ မဲ၊ ကြားနေမဲ ၁၂ မဲဖြင့် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါ သည်ဟူ၍ ဖော်ပြပါရှိပါကြောင်း၊ အဆိုပါ စာပိုဒ်၏ စာပိုဒ် ၄ ၌ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်မှုကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဆိုင်းငံ့ထားပါကြောင်း ပေးပို့အပ်ပါသည်ဟူ၍ ပါရှိပါ ကြောင်း၊ အဆိုပါပေးပို့စာကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လက်မှတ်ရေးထိုး ထားပါကြောင်း၊ ပြည်သူ့လွှတ်တော်ရုံးက ၇-၈-၂၀၁၈ ရက် နေ့စွဲပါစာအမှတ် (၁/ပသ(စ-၁) ၃/၂၀၁၈/ (၁-၉)- ၁၂ ပါစာဖြင့် ပေးပို့လာသည့် အကြောင်းအရာပါကိစ္စမှာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲကို ရယူ၍ ဆိုင်းငံ့ထားရန် လွှတ်တော်ကအတည်ပြု ဆုံးဖြတ်ထားသော ကိစ္စဖြစ်ပါသည်။
ယင်းဆုံးဖြတ်ချက်သည် ယနေ့အထိ အတည်ဖြစ်လျက် ရှိနေပါကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရသည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်။ ထို့ကြောင့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ထားပါကြောင်း ပြန်လည်ပေးပို့ထားသည့် ကိစ္စဖြစ်နေပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်မှ ဆက်လက် လမ်းညွှန်လာပါက ယင်းလမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်သွားရန် ရှိပါကြောင်းဟူ၍ ဖော်ပြလျက် ၃၀-၈-၂၀၁၈ ရက်စွဲပါ စာအမှတ် ၂၉/၅ ယပက (၃) ကမယ ဖြင့် ပြည်သူ့လွှတ်တော်ရုံးသို့ ပြန်ကြားစာ ပေးပို့ထားပြီးလည်း ဖြစ်ပါကြောင်း၊
ယခုမေးမြန်းလာသော ကိစ္စရပ်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ထားပါကြောင်း ဖော်ပြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ထားသည့် ကိစ္စရပ်ဖြစ်ပါသောကြောင့် ပြည်ထောင်စု လွှတ်တော်၏ ဆိုင်းငံ့ထားကြောင်း အဆုံးအဖြတ်သည် အတည်ဖြစ်နေဆဲ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် အဆိုပါ ဥပဒေမူကြမ်းကို အသင့်ရေးဆွဲပြီးဖြစ်ပါ ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်လမ်းညွှန်လာပါက ယင်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့က ပထမအကြိမ် ပြည်သူ့လွှတ်တော်မဟုတ်ပါကြောင်း၊ ယခု ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒါကြောင့် မိမိက ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ မလုပ်နိုင်ခဲ့သည့် Voice to Recall ကို အခု ပြည်သူ့ကိုယ်စားလှယ်ဟု ခဏခဏပြောနေကြသည့် လူများအများစု ဖြစ်နေကြသည့်အချိန်တွင် လုပ်မလားလို့ ယခု မိမိက ဦးသောင်းအေးက ပြီးခဲ့သည့်နှစ်က မေးခဲ့ခြင်း၊ ဦးသောင်းအေး မေးသည့် မေးခွန်းကို ယခုမြေပြီးပါကြောင်း၊ ဖြေပြီးသည့်အခါတွင်လည်း ဥပဒေကြမ်းရေးဆွဲပြီး ပြပြီဟု ဒီမှာပါပါကြောင်း၊ မိမိတို့ကို တရားဝင်ပေးထားသည့် Record များပါ။ မိမိတို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဖြေကြားအပ်ပါသည်ဆိုပြီး ယခုလိုအတိအလင်း ပါထားပါကြောင်း၊
အလားတူ နိုင်ငံတော်သမ္မတကြီးကလည်း ယခုအချိန်တုန်းက ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီးမှ ဒါကိုရေးပေးပါဟု မိမိတို့ကို အတိအလင်းညွှန်ကြား ထားပါကြောင်း၊ ရေးပေးပါဆိုသည်မှာ အလကား နေရင်းရေးပေးပြီး ကော်မရှင်ရုံးမှာ သိမ်းထားရန်မဟုတ်ကြောင်း၊ လွှတ်တော်ကိုတင်ရန် သမ္မတကြီး ကလည်း မိမိတို့ကိုရေးခိုင်းခြင်း၊ လွှတ်တော်ကနေပြီးမှ ပို့ပါဆိုတာမျိုးကို ခင်ဗျားတို့မပြောလို့ မပို့ဘူးဆိုတာကတော့ ဒီဟာကို ကိုယ်စားလှယ်တွေ အားလုံးလည်း သိသွားပါကြောင်း၊ နိုင်ငံတော်လည်း သိသွားသည်ဆိုတော့ မိမိကပြောချင်သည်မှာ ကော်မရှင်၏ တာဝန်ကဘာပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးချင်းကပဲဖြစ်ဖြစ် ဥပဒေကို မိမိတို့က ရေးဆွဲခွင့်ရှိကြောင်း၊ သက်ဆိုင်ရာကော်မတီမှတစ်ဆင့် တင်ပြခွင့်ရှိပါကြောင်း၊ အဲဒါကိုတောင်မှ ကော်မရှင်က ကိုယ်ရေးရမည့် ဥပဒေကြမ်းကို ရေးထားပေးပါလျက်နှင့် မတင်ဘူးဆိုတာကိုတော့ ကျွန်တော်က ဒီနေရာကနေပြီးမှ ဘာကြောင့်မတင်တာလဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က ဒီလိုမျိုးပြောထားလို့။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြောထားတာ အခုက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဒီဟာက အရင်ပြီးခဲ့သည့် ဟာသည် Null and Void ဖြစ်သွားကြောင်း၊ Illegible ဖြစ်သွားသည်ဟု မိမိမဆိုလိုပါကြောင်း၊ သို့သော် ပို့လျှင် ဘာဖြစ်လို့ ဒီက လက်မခံရမှာလဲ။ အဲဒီတော့ အခု ခင်ဗျားတို့ ဟိုဘက်က ပြည်ထောင်စုလွှတ်တော်က ခန့်ထားတာမဟုတ်ဘူး။ ဒီဘက် ပြည်ထောင်စုလွှတ်တော်က ခန့်ထားတယ်ဆိုတာ သိဖို့လိုတယ် ဆိုတာကို ကျွန်တော်ပြောချင်ပါကြောင်း၊ ဒါကြောင့်မို့လို့ မိမိမေးချင်သည့် မေးခွန်းက မပို့ဘူးလား၊ ပို့မှာလား ဒါပဲကျွန်တော်တို့က ပြည်ထောင်စု လွှတ်တော်ကတော့ ဒီဟာကို ကျွန်တော်တို့ မဲခွဲပြီး ပြောရန်အတွက် ကျွန်တော်တို့က တင်ပြစရာအကြောင်း မရှိပါဘူး။ ခင်ဗျားတို့ ဒီတိုင်းပို့မလား၊ မပို့ဘူးလားဆိုတာ ဖြေကြားပေးစေပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသန်းဌေး
ယခုဆက်စပ်မေးခွန်းအနေဖြင့် ကျွန်တော်တို့ရဲ့ အခုနက ကျွန်တော်ဖတ်ကြားတင်ပြ သွားသည့်အဖြေတွင် ရှင်းရှင်းလင်းလင်း ပါဝင်ပြီးဖြစ်ပါကြောင်း၊ မဲခွဲဆုံးဖြတ်ပြီးမှ ဆိုင်းငံ့ထားသည့်ကိစ္စ ဖြစ်နေသည့်အတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထားကြောင်း အဆုံးအဖြတ်သည် အတည်ဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာ မိမိတို့ ရွေးကောက်ပွဲကော်မရှင်၏ အရာမဟုတ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အရာသာလျှင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်က လွှတ်တော်ကဆုံးဖြတ် ပေးထားသည့် အဆုံးအဖြတ်ကိုသာလျှင် နာခံလေးစား လိုက်နာရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသင့်ရေးဆွဲထားပြီး ဖြစ်ပါကြောင်းဆိုတာလည်း ရှင်းရှင်းလင်းလင်း မိမိတို့တင်ပြထားပြီး ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကနေပြီး ဆက်လက်ပြီး လမ်းညွှန်လာလျှင် အဆိုပါ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်နေကြောင်း လေးစားစွာပြန်လည်ဖြေကြားအပ်ပါသည်။
