(င)-ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၆၀ ပေ x ၃၀ ပေ) နှစ်ထပ် ကျောင်းဆောင်သစ်ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၈.၁.၂၀၁၉)

 

ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) သည် ၂၀၁၇-၁၈ ပညာသင် နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အဆင့်သို့ အခြေခံပညာဦးစီးဌာန (နေပြည်တော်) ၏ ၂၄-၅-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ဌာနခွဲ ၁-၈/၁၀၇၅၂/ အဆင့်တိုး ၂၀၁၇ အရ တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုင်းခွန်အုပ်စု အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၏ အနီးအနားတွင် အ.မ.က (မူလွန်) ကျောင်းများ၊ အ.မ.က ကျောင်းများ အများအပြားရှိပြီး ထိုကျောင်းများမှ အောင်မြင်ပြီး ကျောင်းသား/သူများသည် အလယ်တန်းပညာနှင့် အထက်တန်းပညာ ဆက်လက်ဆည်းပူး နိုင်ရန်အတွက် မိုင်းခွန်အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၏ အချက်အချာ ကျလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ တိုးပွားလာလျက် ရှိနေပါကြောင်း၊ တိုးတက်များပြားလာသော ကျောင်းသားများကြောင့် အိမ်တွင်းမှုအခန်းများနှင့် စာသင်ခန်းများအတွက် ကျောင်းဆောင်သစ်တစ်ဆောင် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ မိုင်းခွန်အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) သည် ယခင်က အလယ်တန်းကျောင်းသာ ဖြစ်သည့်အတွက် အလယ်တန်းအဆင့် ကျောင်းသား/သူများ အတွက်သာ စာသင်ခန်းများရှိပြီး ယခုလက်ရှိ အခြေအနေတွင် လုံလောက်မှုမရှိပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များအတွက် ရည်မှန်းလျက် ၆၀ ပေ x ၃၀ ပေ နှစ်ထပ် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ရန် ရန်ပုံငွေခွဲဝေချထား ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျိုင်းတုံမြို့နယ်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင် စုစုပေါင်း ၁၁ ခုကို မြို့နယ်ဦးစားပေး အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျိုင်းတုံမြို့နယ်မှ ပန်လီအောက် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် ဤအရာသည် ပန်လီအောက် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ဖြစ်ပါကြောင်း၊ အဆောင် (၁)၊ အဆောင် (၂)၊ အဆောင် (၃) နှင့် အဆောင် (၄) ရှိပါကြောင်း၊ အဆောင် (၃) က ၁၀၀ ပေ x ၂၆ ပေ တစ်ထပ်ဆောင် ဖြစ်ပါကြောင်း၊ အဆောင် (၄) က ၁၀၀ ပေ x ၂၆ ပေ တစ်ထပ်အုတ်ညှပ် စာသင်ဆောင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင်စုစုပေါင်း လေးဆောင်ရှိပြီး ကျောင်းသား/သူဦးရေ အနေဖြင့် မူလတန်းအဆင့် သင်ယူနေသော ကျောင်းသား/သူ ၁၉၂ ဦး၊ အလယ်တန်းအဆင့် သင်ယူနေသော ကျောင်းသား/သူ ၁၉၄ ဦး၊ အထက်တန်းအဆင့် သင်ယူနေသော ကျောင်းသား/သူ စုစုပေါင်း ၇၈ ဦး၊ မူ၊ လယ်၊ ထက် ကျောင်းသား/သူ စုစုပေါင်း ၄၆၄ ဦး ပညာသင်ယူနေသည်ကို တွေ့ရှိရပါကြောင်း၊

ကျိုင်းတုံမြို့နယ် ပန်လီအောက် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် လက်ရှိကျောင်းသား ဦးရေနှင့် စာသင်ဆောင်အရ စာသင်‌ဆောင်ထပ်မံ လိုအပ်ပါကြောင်းနှင့် ၆၀ ပေ x ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင် တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သည့် ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အတွက် ငွေလုံးငွေရင်းရန်ပုံငွေ ခေါင်းစဉ်အောက်မှ ခွဲဝေရရှိမည့် ရန်ပုံငွေအခြေအနေအပေါ် မူတည်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပြီး ထည့်သွင်းလျာထား နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိမှသာ ဆက်လက်စီစဉ် ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်ဖြေကြားပါသည်။