ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရန်အတွက်လည်းကောင်း၊ ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းရန် အတွက်လည်းကောင်း၊ ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်လာသည့် သင်္ဘောတစ်စီး၏ ကုန်ကျစရိတ်သည် အာဆီယံနိုင်ငံများထဲတွင် အမြင့်ဆုံးဖြစ်နေသောကြောင့် ပို့ကုန်များ တင်ပို့ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေပါကြောင်း၊ သွင်းကုန်များလည်း ဈေးနှုန်းကြီးမြင့် စေပါကြောင်း၊ တန်ချိန် ၂၀၀၀၀ ရှိ သင်္ဘောတစ်စီး ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်မည် ဆိုပါက ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၄၅၀၀၀ ခန့်ကုန်ကျပြီး ထိုင်း၊ ဗီယက်နမ်တို့ထက် နှစ်ဆကျော်ခန့် များပြားနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်သည့် စစ်တမ်း တစ်ခုတွင် ဖော်ပြထားကြောင်း၊ တန်ချိန် ၂၀၀၀၀ သင်္ဘောတစ်စီး ဆိပ်ကမ်းဆိုက်ကပ်မှု ကုန်ကျ စရိတ်က ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၅၀၀၀၊ ဗီယက်နမ်တွင် ၆၀၀၀၀ ခန့်သာ ကုန်ကျသည်ကို တွေ့ရှိရပါကြောင်း၊ ဆိပ်ကမ်းကုန်ကျစရိတ် များပြားမှုကြောင့် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူသူများသည် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့မှ ဆန်ဝယ်ရန် အဆင်မပြေမှသာလျှင် မြန်မာနိုင်ငံကို စဉ်စားသည်ဟု ဆိုပါကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် (ရီဂျက်စတစ်ကော) မြင့်မားသဖြင့် မိမိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် အခြားထုတ်ကုန်များ နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် အားနည်းစေပါကြောင်း၊ ထို့အပြင် ရန်ကုန်ဆိပ်ကမ်းသည် ဆိပ်ကမ်းကုန်ကျစရိတ်လည်း ကြီးမြင့်ပါကြောင်း၊ တန်ချိန်များပြားသည့် သင်္ဘောကြီးများလည်း မဆိုက်ကပ်နိုင်သောကြောင့် သွင်းကုန်များမှာလည်း ဈေးနှုန်းမြင့်မားစေပါကြောင်း၊ ရန်ကုန်ဆိပ်ကမ်း သင်္ဘောဆိုက်ကပ်မှု ကုန်ကျစရိတ်မြင့်မားနေ၍ ပို့ကုန်တင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်ခြင်း၊ သွင်းကုန်များ ဈေးနှုန်းကြီးမြင့်စေခြင်း တို့အတွက် ကုန်ကျစရိတ်များ လျှော့ချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ စစ်တမ်းတစ်ခုအရ တန် ၂၀၀၀၀ သင်္ဘောတစ်စီး ရန်ကုန်ဆိပ်ကမ်း သို့ ဆိုက်ကပ်ပါက ကုန်ကျစရိတ်အမေရိကန် ဒေါ်လာ ၁၄၅၀၀၀ ခန့်ရှိနေပြီး ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၅၀၀၀ နှင့် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၀၀၀၀ အသီးသီး ဖြစ်သဖြင့် အဆိုပါနိုင်ငံတို့ထက် နှစ်ဆကျော်ခန့် များပြားနေသည်ဆိုသည့် အချက်နှင့်ပတ်သက်၍ ရှင်းပြရမည်ဆိုလျှင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် လေ့လာပြုစုထားသည့် အစီရင်ခံစာပါ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံ မြစ်ဆိပ်ကမ်း (River Port) များတွင် ကောက်ခံသည့် အခွန်အခနှုန်းထားများ နှိုင်းယှဉ်ချက်အရ တန်ချိန် ၂၆၀၀၀ ရှိ သင်္ဘောတစ်စီးအတွက် ဆိပ်ကမ်းဆိုက်ကပ်မှု စုစုပေါင်း ကုန်ကျစရိတ်မှာ ရန်ကုန်ဆိပ်ကမ်းတွင် အမေရိကန် ဒေါ်လာ ၁၈၅၉၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Chittagong ဆိပ်ကမ်းတွင် ၁၅၀၃၉ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ဆိပ်ကမ်းတွင် ၂၇၀၅၂ ဒေါ်လာ၊ ထိုင်းနိုင်ငံဘန်ကောက် ဆိပ်ကမ်းတွင် ၁၅၃၇၅ ဒေါ်လာနှင့် ဗီယက်နမ်နိုင်ငံ VICT ဆိပ်ကမ်းတွင် ၁၇၉၁ ဒေါ်လာ အသီးသီးဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်ဆိပ်ကမ်း၏ ဆိပ်ကမ်းကုန်ကျစရိတ်မှာ ဒေသအတွင်း ဆိပ်ကမ်းများနှင့် လွန်မင်းစွာ ကွာဟမှုမရှိကြောင်း၊
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ဆိပ်ကမ်း၏ ဆွဲသင်္ဘော၊ Tugboat ခြောက်နာရီ အသုံးပြုခကို ယခင်အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၁၅၀၀ သို့ ၁၀-၁-၂၀၁၈ ရက်နေ့မှစ၍ လျှော့ချခဲ့သဖြင့် စုစုပေါင်း ရန်ကုန်ဆိပ်ကမ်းကပ်သည့် ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁၇၅၉၀ သို့ လျော့ကျခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများ၏ နှုန်းများနှင့် ကွာဟမှုပို၍ နည်းလာပါကြောင်း၊ ထို့အပြင် Container ဝန်ဆောင်မှု၊ ဝန်ဆောင်ခ Container Terminal Handling Charges ကို ပေ ၂၀ Container တစ်လုံး၊ 1 TEU အတွက် အမေရိကန်ဒေါ်လာ ၁၆၅ မှ ၁၄၅ သို့ ၂၇-၆-၂၀၁၈ ရက်နေ့ကတည်းက လျှော့ချထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဆိပ်ကမ်းအခွန်အခများကို ရေကြောင်းဖြင့် ကုန်စည်တင်သွင်းတင်ပို့မှု အခြေအနေကို လေ့လာသုံးသပ်ပြီး ဈေးကွက်အခြေအနေအပေါ် မူတည်၍ တင့်သင့်မျှတသည့် နှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ထို့အပြင် အိတ်သွပ်လယ်ယာထွက် ကုန်ပစ္စည်းများအတွက် ကောက်ခံသည့် ကုန်တင်၊ ကုန်ချ စရိတ် Stevedoring Charges နှုန်းထားများကို ဒေသတွင်းဆန်တင်ပို့မှု အများဆုံးဖြစ်သည့် ဆိပ်ကမ်းများနှင့် နှိုင်းယှဉ်ကြည့်ခဲ့ရာတွင်လည်း ရန်ကုန်ဆိပ်ကမ်း၌ တစ်တန်လျှင် အမေရိကန် ဒေါ်လာ နှစ်ဒေါ်လာနှုန်း၊ ထိုင်းနိုင်ငံတွင် ၁.၀၃ ဒေါ်လာနှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၃.၈ ဒေါ်လာနှုန်းဖြစ်သဖြင့် ရန်ကုန်ဆိပ်ကမ်း၏ နှုန်းထားမှာ သင့်တင့်သောနှုန်းထား ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့သည့် ဆန်တန်ချိန် ၂၀၀၀၀ ခန့် တင်ဆောင်ခဲ့သည့် သင်္ဘောနှစ်စီး ဆိပ်ကမ်းကုန်ကျစရိတ်များကို နှိုင်းယှဉ်ကြည့်ရာတွင် မိုးရာသီတွင် ဝင်ရောက်ခဲ့သည့် သင်္ဘောမှာ တံတားတွင်ကြာမြင့်ချိန် ၅၁ ရက်ရှိခဲ့သဖြင့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈၈၅၈၈.၅ ရှိခဲ့ပြီး ဆောင်းရာသီတွင် ဝင်ရောက်ခဲ့သည့် သင်္ဘောမှာ တံတားတွင် ကြာမြင့်ချိန် ၂၂ ရက်သာရှိခဲ့သဖြင့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၅၈၉၇၅.၈ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဖော်ပြပါသင်္ဘောနှစ်စီးအနေဖြင့် ကုန်တင်ဆောင်မှု ပမာဏတူညီသော်လည်း ဆိပ်ကမ်းကုန်ကျစရိတ် ကွဲပြားနေရခြင်းမှာ ကုန်ပစ္စည်းအဆင်သင့်ဖြစ်မှု၊ ရာသီဥတုအခြေအနေ၊ နေ့ရက်နှင့် အလုပ်ချိန်များအလိုက် ဆိပ်ကမ်းအခွန်အခ နှုန်းထားများ သတ်မှတ်ချက်တို့ကြောင့် ဖြစ်ပါကြောင်း၊ သင်္ဘောတစ်စီးသည် ဆိပ်ကမ်းတံတားတွင် ဆိုက်ကပ်ပြီး ဖြစ်သော်လည်း ကုန်တင်ပို့သူက ကုန်အဆင်သင့် မဖြစ်သေး၍ မတင်ဆောင်နိုင်သေးလျှင် ကုန်တင်ချိန်ကြာမြင့်ပြီး ကုန်တင်စရိတ်မြင့်တက်မည် ဖြစ်ပါကြောင်း၊ ကုန်တင်၊ ကုန်ချသူ၏ တောင်းဆိုချက်အရ အလုပ်သမားဂိုဏ်းများ တာဝန်ချထားပေးသော်လည်း ကုန်တင်ကုန်ချချိန် မပြုနိုင်လျှင်လည်း ကုန်တင်ကုန်ချသူက ဂိုဏ်းကြေးပေးဆောင်ရသဖြင့် ကုန်တင်ကုန်ချစရိတ် မြင့်တက်မည် ဖြစ်ပါကြောင်း၊ ရာသီဥတုကောင်းမွန်ပါက တစ်ရက်လျှင် ဆန်တန်ချိန် ၂၅၀၀ မှ ၃၀၀၀ အထိ တင်ဆောင်နိုင်သည့် ကုန်းနှင့်ရေပြင်နှစ်ဖက်လုံးတွင် တင်ဆောင်နိုင်ရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ ဆန်၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာစသည့် ကုန်ပစ္စည်းများသည် ရေစိုလျှင် ပျက်စီးနိုင်သော ကုန်ပစ္စည်းများ ဖြစ်သောကြောင့် မိုးရွာသွန်းချိန်များတွင် ကုန်တင်၊ ကုန်ချခြင်းလုပ်ငန်းကို ရပ်နားထားရသဖြင့် ဆိပ်ခံတံတားများတွင် ဆိုက်ကပ်သည့် အချိန်ကာလ ရှည်ကြာလာပြီး ကုန်ကျစရိတ်မြင့် တက်လာမည် ဖြစ်ပါကြောင်း၊
အခြားနိုင်ငံများနည်းတူ ပြန်တမ်းဝင်ရုံးပိတ်ရက်များမတွင်လည်း ကုန်တင်ကုန်ချကို နှစ်ဆ ကောက်ခံသဖြင့် အဆိုပါရက်များရှိသည့်ကာလများတွင် သင်္ဘောဝင်ရောက်ဆိုက်ကပ်နေပါက ကုန်ကျစရိတ် ပိုမိုများပြားမည် ဖြစ်ပါကြောင်း၊ ကုန်တင်၊ကုန်ချ အလုပ်သမားများကို နေ့ဆိုင်းနှင့် ညဆိုင်းဟု နှစ်ပိုင်းခွဲခြား၍ တာဝန်ချထားပေး ရပါကြောင်း၊ ပုံမှန်အလုပ်ချိန် နေ့ဆိုင်းအတွက် မနက် ၈ နာရီမှ ညနေ ၄ နာရီ၊ ညဆိုင်း ည ၈နာရီမှ မနက် ၄ နာရီနှင့် အချိန်ပိုအလုပ်ချိန်တွင် နေ့ဆိုင်းအတွက် ညနေ ၄ နာရီမှ ည ၈ နာရီ၊ ညဆိုင်းအတွက် မနက် ၄ နာရီမှ ၈ နာရီကြားအထိ ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကုန်ပိုင်ရှင် တောင်းဆိုလာသည့်အခါတွင် မိမိတို့က ကုန်တင်၊ ကုန်ချအလုပ်သမားများကို အချိန်ပိုခိုင်းစေရန်အတွက် ကုန်ကျစရိတ်လည်း ပိုမိုမြင့်မားလာမည် ဖြစ်ပါကြောင်း၊
ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ကပ်သည့်သင်္ဘောများသည် ဆိပ်ကမ်းကပ်ခများအပြင် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၏ စုစုပေါင်းကုန်ကျစရိတ်များမှာ အခြားသော အထောက်အပံ့ဖြစ်ရေး စီမံဆောင်ရွက်မှု (Logistics) နှင့် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် (Supersizing) ကုန်ကျစရိတ်မှာလည်း ပါဝင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် နိုင်ငံတော်ဝင်ငွေကို တိုးမြှင့်ရှာဖွေရန် တာဝန်ရှိသော်လည်း တစ်ဖက်တွင်လည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ ဆိပ်ကမ်းလုပ်ငန်း ဆောင်ရွက်သူများ၊ သင်္ဘောလုပ်ငန်း ဆောင်ရွက်သူများနှင့် စားသုံးသူဈေးကွက်အကြား မျှတမှု ရှိစေရေးအတွက် အစဉ်အမြဲလေ့လာ ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မိမိနိုင်ငံ၏ ရေကြောင်းကုန်စည် တင်ပို့တင်သွင်းမှု အခြေအနေကို အမြဲတစေလေ့လာသုံးသပ်ပြီး ဆိပ်ကမ်းကုန်ကျ စရိတ်များကို အခါအားလျော်စွာ သင့်တင့်မျှတသည့် နှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
