ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကညင်ကောက်-ဒါးက လျှပ်စစ်မီးမြစ်ရေတင် စီမံကိန်း အကျိုးပြုဧက ၉၀၀၀ အား ၁၁-၁၂-၂၀၀၄ ရက်နေ့မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းဆောင်ရွက်စဉ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုအခက်အခဲကြောင့် ၂၀၀၉-၁၀ ခုနှစ်မှ စ၍ရပ်နားထားခဲ့ပြီး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ရာတွင် ရေပေးမြောင်းဖောက်လုပ်ရာ၌ အသုံးပြုခဲ့သည့် မြေဧရိယာစုစုပေါင်း ၃၈၇.၇၅ ဧကအနက်မှ ဖို့မြေယူခဲ့သည့် ဧရိယာ ၁၇၅.၁၇ ဧကအားမူလပိုင်ရှင် တောင်သူများသို့ စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန် ပြန်လည်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း အား ဖြေကြားရာ၌ ၈-၆-၂၀၁၆ ရက်နေ့တွင် ဌာနမှဧရာဝတီတိုင်းဒေသကြီး ဦးစီးဦးဆောင်သော အဖွဲ့ဖြင့် စီမံကိန်းဒေသသို့ ကွင်းဆင်းစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြစ်ရေတင် စီမံကိန်းအား ဆောင်ရွက်ရန် သဘောထားဆန္ဒများရယူခြင်း ဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများမှ မြစ်ရေတင် စီမံကိန်းဆက်လက် ဆောင်ရွက်ပေးရန် ဆန္ဒမရှိကြဘဲ ၎င်းတို့ဆုံးရှုံးခဲ့သည့် မြေယာများ ကိုသာ ပြန်လည်ရယူလိုပါကြောင်း သဘောထားဆန္ဒ တင်ပြခဲ့ပါသည်။ ဌာနမှတောင်သူများ၏ ဆန္ဒအရ မြစ်ရေတင်စီမံကိန်းအား ဆက်လက်ဆောင်ရွက် ပေးခြင်းမရှိတော့ပါ ကြောင်းနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် (Climate Change) အရ မုတ်သုံအဝင် နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း၊ မိုးခေါင်ခြင်းများဖြစ်ပေါ်ပြီး စီမံကိန်းဒေသရေ လိုအပ်ချိန်တွင် ၁၀၀၀ ဧက အသင့်ရေပေး ဝေနိုင်ရေးအတွက် စီမံကိန်း၏ ရေသောက်စနစ် အခိုင်အမာပြည့်စုံစွာ ဆောင်ရွက်ပြီး အပိုင်းဖြစ်သည့် လက်တံ (၁)မြောင်းနှင့် လက်တံ (၂) မြောင်းကိုသာ ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရေသောက် စနစ်ပြည့်စုံစွာ တည်ဆောက်ပြီးဖြစ်သည့် လက်တံ (၁) မြောင်း၊ လက်တံ (၂) မြောင်း စုစုပေါင်း ဧက ၁၀၀၀ အတွက် စီမံကိန်းတွင် အသုံးပြုခဲ့သည့် မြေဧရိယာ ၉၅.၇၃ ဧကအား နစ်နာကြေးပြန်လည် ပေးအပ်နိုင်ရေး ရန်ပုံငွေလျာထား တောင်းခံ၍ ခွင့်ပြုချက်ရရှိပါက မြေယာနစ်နာကြေးပေးရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းဧက ၂၆၀၀ အတွက် ရေပေးမြေသားမြောင်းသာ တည်ဆောက်ရာတွင် မြေယာဆုံးရှုံးခဲ့သည့် တောင်သူများ၏ မြေယာများကိုလည်း မူလအတိုင်းအနီးစပ်ဆုံး ပြန်လည်ပြုပြင်၍ မူလပိုင်ရှင် တောင်သူများသို့ လွှဲပြောင်းပေးအပ်ခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ အဆိုပါ ဖြေကြားချက်နှင့် ပတ်သက်၍ မြို့နယ်အထွေထွေဦးစီးဌာနရုံးတွင် တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးရာ တောင်သူများမှ မြေယာလျော်ကြေးရယူရန် ဆန္ဒမရှိကြဘဲ မိမိတို့၏ လယ်ယာမြေ များကိုသာ ပြန်လည်ရယူလိုကြောင်း တင်ပြခဲ့ပါသည်။ အဆိုပါကိစ္စကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးမှကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံပြီး သဘောထားမှတ်ချက် ရယူခဲ့ရာတွင်လည်း တောင်သူများအားလုံးက မြေယာလျော်ကြေးငွေ ရယူလိုခြင်းမရှိသည့်အပြင် လျှပ်စစ်မြစ်ရေတင် စီမံကိန်းတစ်ခုလုံးအား အပြီးတိုင်ဖျက်သိမ်းပြီး မိမိတို့၏ဆုံးရှုံးခဲ့သော လယ်ယာမြေ များကိုသာ ပြန်လည်ရယူလိုကြောင်း တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဒါးက လျှပ်စစ်မြစ်ရေတင် စီမံကိန်း (ကညင်အောက်) အား အပြီးတိုင်ဖျက်သိမ်းပြီး ပြည်သူများ၏ ဆုံးရှုံးသွားခဲ့သော လက်တံ (၁) မြောင်းနှင့် လက်တံ (၂) မြောင်းရှိ စုစုပေါင်းဧက ၁၀၀၀ အတွက် စီမံကိန်းတွင် အသုံးပြုခဲ့သည့် မြေဧရိယာ ၉၅.၇၃ ဧကအား မူလတောင်သူများသို့ ပြန်လည်ချထား ပေးနိုင်ရန်နှင့် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဒါးကလျှပ်စစ်မြစ်ရေတင် စီမံကိန်းသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မကျီးပင်ကွင်းကျေးရွာ အုပ်စု၊ ကညင်ကောက်ကျေးရွာအနီးတွင် တည်ရှိပါကြောင်း၊ မူလက စိုက်ပျိုးမြေဧက ၉၀၀၀ ကို မိုးစပါးအပြီး နွေစပါးနှင့်ပဲမျိုးစုံ သီးနှံသီးထပ်စိုက်ပျိုးမှုနှင့် သုံးသီးစားစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်ခဲ့သည့် ရည်ရွယ်တည်ဆောက်ခဲ့သော စီမံကိန်း ဖြစ်ပါကြောင်း၊ အဆိုပါ မြစ်ရေတင်စီမံကိန်းကို ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်မှ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်ထိ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၀-၁၁ ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေရရှိမှုအခြေအနေနှင့် လျှပ်စစ်ဓာတ်အားရရှိမှု အခက်အခဲများကြောင့် ရပ်နားခဲ့ရသည့် အနေအထား ဖြစ်ပါကြောင်း၊
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တင်ပြသွားသကဲ့သို့ ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းအပေါ် ပြန်လည်ဖြေကြားချက်အရ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင် ကတိကဝတ်ရှိခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ အဆိုပါ ကတိ ကဝတ်အရ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် အခြေအနေတွင် ရေသောက်စနစ် ပြည့်စုံစွာ ဆောင်ရွက်ပြီးသည့် ဧက ၁၀၀၀ ကို ချန်လှပ်ပြီး ဧက ၂၆၀၀ အတွက် တည်ဆောက်ထားပြီး မြေသားရေပေးမြောင်းများ ဖျက်သိမ်းခြင်းလုပ်ငန်းကို လွန်ခဲ့သော ၂၃-၁-၂၀၁၇ ရက်နေ့တွင် စတင်ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအဆိုပါ လုပ်ငန်းသည် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လအကုန်တွင် အပြီးသတ်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မြေသားရေပေးမြောင်း ဖျက်သိမ်းခြင်း ဆောင်ရွက်ပြီးနောက် မူလပိုင်ရှင်တောင်သူများကို လယ်မြေဧက ၂၀၅ ကိုမြေညှိပြီး စတင်ပြန်လည် ပေးအပ်သွားနိုင်မည် ဖြစ်ပါကြောင်း၊
မူလကရေသောက်စနစ် ပြည့်စုံစွာဆောင်ရွက်ပြီး ဖြစ်သည့်ဧက ၁၀၀၀ အတွင်းရှိ ရေပေးမြောင်း အသုံးပြုထားသော လယ်မြေဧက ၉၅.၇၃ ဧကအတွက် မြေယာနစ်နာကြေးပေးရန် ဦးစွာစီစဉ်ခဲ့မှု ရှိပါကြောင်း၊ ရန်ပုံငွေအရ တောင်းခံခဲ့ရာတွင်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၁၄၃.၅၉၅ သန်း ခွင့်ပြုခွင့်ရရှိခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တောင်သူများ၏ ၆-၈-၂၀၁၇ ရက်နေ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် တောင်သူများအနေဖြင့် နစ်နာကြေးငွေ ရယူလိုခြင်း မရှိကြောင်းနှင့် မိမိတို့၏မူလ လယ်မြေကိုသာ ပြန်လည်ရယူစိုက်ပျိုးလိုကြောင်း တင်ပြခဲ့မှုရှိပါသည်။ သို့ဖြစ်သည့်အတွက် မြေယာနစ်နာကြေး ကျပ် ၁၄၃.၅၉၅ သန်းကို ပေးအပ်နိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပိုလျှံရန်ပုံငွေအဖြစ် နိုင်ငံတော်ကို ပြန်လည်အပ်နှံခဲ့ပါကြောင်း၊
အဆိုပါ ဧက ၁၀၀၀ အတွင်းရှိ တောင်သူများ မြေပြန်လည်ရယူလိုသည့် ဧက ၉၅.၇၃ ဧကနှင့် စပ်လျဉ်းပြီး ၂၀၁၈ ခုနှစ် မတ်လအတွင်း တောင်သူများနှင့်တွေ့ဆုံပြီး တစ်ဦးချင်း၏ဆန္ဒ သဘောထား ရယူခဲ့ကြောင်း သိရပါသည်။ ကျေးရွာအုပ်စု လေးအုပ်စုတွင်ရှိသည့် တောင်သူ ၂၂၀ ဦး အနက်မှ တောင်သူ ၂၀၉ ဦးအနေဖြင့် စီမံကိန်းကနေ ရေရယူစိုက်ပျိုး လိုမှုမရှိကြောင်း ဆန္ဒပြုခဲ့ပါသည်။ တောင်သူများ၏ တင်ပြချက်အပေါ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်မှုကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁-၅-၂၀၁၈ ရက်နေ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၈) ဆုံးဖြတ်ချက် (၇) အရ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းရန် သဘောတူ ဆုံးဖြတ်ခဲ့ပြီးသည့်အတွက် ယခုအခါ စီမံကိန်းဖျက်သိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်သည့်အတွက် တောင်သူများဆုံးရှုံးသွားသော လက်တံ (၁) မြောင်းနှင့် လက်တံ (၂) မြောင်း တွင်ရှိသည့် စုစုပေါင်း ဧက ၁၀၀၀ အတွက် စီမံကိန်းမှ ရယူအသုံးပြုခဲ့သော လယ်ယာမြေဧက ၉၅.၇၃ ဧကကို မူလလယ်မြေများနှင့် အနီးစပ်ဆုံး မြေညှိပြုပြင်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် မူလပိုင်ရှင် တောင်သူများကို ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
